လက်ရှိမှာ Foldable စမတ်ဖုန်းစျေးကွက်ဟာ အလွန်ပြိုင်ဆိုင်မှုမြင့်မားနေပြီလို့တောင် ပြောနိုင်ပါတယ်။ ယခင်တုန်းက Samsung ၊ Motorola နဲ့ Huawei လိုမျိုးကုမ္ပဏီတွေပဲ Foldable ဖုန်းတွေကို ထုတ်လုပ်ခဲ့ပေမယ့် အခုအချိန်မှာ Xiaomi ၊ OPPO ၊ Honor အပြင် Tecno လိုမျိုး ကုမ္ပဏီတွေပါ Foldable ဖုန်းအသစ်တွေကို မိတ်ဆက်လာကြပါပြီ။

အခုလိုမျိုး ကုမ္ပဏီတွေအများအပြားက Foldable ဖုန်းအသစ်တွေကို မိတ်ဆက်နေကြပေမယ့် တကယ်တမ်းမှာ Foldable စျေးကွက်ကို Samsung က ပဲ ဦးဆောင်နေဆဲဖြစ်ပါတယ်။ နောက်ဆုံးသိရတဲ့သတင်းတစ်ခုအရ Samsung ဟာ ၂၀၂၂ ခုနှစ်အတွင်းမှာ တခြားသော ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ Foldable ဖုန်းအားလုံးထက် ပိုပြီး Foldable ဖုန်းတွေကို ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါသတင်းဟာ Canalys Research က ဖော်ပြခဲ့တဲ့သတင်းကို Financial Times ကတစ်ဆင့်ဖော်ပြခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းက Foldable ဖုန်းပေါင်း ၁၄.၂ သန်းခန့် တကမ္ဘာလုံးအတိုင်းအတာအနေနဲ့ ရောင်းချနိုင်ခဲ့ပြီး အဲ့ဒီထဲက ၁၁ သန်းခန့်ဟာ Samsung Foldable ဖုန်းတွေဖြစ်နေတာကြောင့် ဖြစ်ပါတယ်။

Foldable ဖုန်းစျေးကွက်မှာ ဒုတိယနေရာက လိုက်နေတာက Huawei ပဲဖြစ်ပြီး ၂၀၂၂ ခုနှစ်တုန်းက အလုံးရေ ၂ သန်းခန့်ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီနောက်မှာ OPPO ၊​ vivo ၊​ Xiaomi ၊​ Honor နဲ့ Motorola တို့ အသီးသီးရှိနေပါတယ်။

Canalys Research ကုမ္ပဏီရဲ့ ခန့်မှန်းချက်အရ Foldable စျေးကွက်ဟာ ဆက်လက်အောင်မြင်နေဦးမှာဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာလည်း ရောင်းအား သန်း ၃၀ ခန့်အထိ ရှိမယ်လို့ သိရပါတယ်။

Ref – GSM Arena