Samsung ဟာ အိန္ဒိယနိုင်ငံ Noida, Uttar Pradesh မှာရှိတဲ့ သူ့ရဲ့ ဒုတိယစက်ရုံကို ယာယီပိတ်ထားလိုက်ရပြီ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှုကို တားဆီးဖို့အတွက် လူစုလူဝေးဖြစ်ပေါ်စေမယ့်အရာတွေကို လျှော့ချဖို့ ကြိုးစားနေတာကြောင့် စက်ရုံအလုပ်ရုံတွေကိုလည်း ယာယီရပ်ဆိုင်းဖို့ ညွှန်ကြားထားတာပါ။

အိန္ဒိယမှာရှိတဲ့ ဒီစက်ရုံဟာ ၂၀၁၈ ခုနှစ်နွေရာသီတုန်းကမှ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ Samsung ရဲ့ အကြီးမားဆုံး စမတ်ဖုန်းထုတ်လုပ်တဲ့ စက်ရုံတစ်ရုံဖြစ်ပါတယ်။ ဒီစက်ရုံဟာ တစ်နှစ်ကို ယူနစ်ပေါင်း သန်း ၁၂၀ အထိ ထုတ်လုပ်နိုင်တယ်လို့ သိရပါတယ်။

အိန္ဒိယအစိုးရရဲ့ တောင်းဆိုချက်အရ တောင်ကိုရီးယားကုမ္ပဏီကြီးဟာ သူ့ရဲ့စက်ရုံကို မတ်လ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ပိတ်ထားမှာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိသတင်းအရ တိုတောင်းတဲ့ရက်အပိုင်းအခြားလေးသာ ပိတ်ဦးမှာ ဖြစ်ပါတယ်။ အကယ်၍ အိန္ဒိယအစိုးရက ပိတ်ရက်ကို ထပ်ပြီးမတိုးမြှင့်ဘူးဆိုရင်တော့ မတ်လ ၂၅ ရက်နေ့နောက်ပိုင်းမှာ ပုံမှန်အတိုင်း ပြန်ပြီးလည်ပတ်သွားဖွယ်ရှိပါတယ်။

Samsung အနေနဲ့ တောင်ကိုရီးယားနိုင်ငံ Gumi မှာရှိတဲ့ စက်ရုံကိုလည်း နှစ်ကြိမ်တိုင် ပိတ်ခဲ့ရဖူးပြီး၊ ဗီယက်နမ်မှာရှိတဲ့ စက်ရုံတစ်ရုံတည်းကပဲ မပိတ်ရသေးတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ထုတ်လုပ်ရေ:ပိုင်းနဲ့ ထောက်ပံ့ရေ:ပိုင်းမှာ နှောင့်နှေးမှုမဖြစ်အောင် ကြိုးစားလုပ်ဆောင်နေတယ်လို့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အိန္ဒိယမီဒီယာတွေကို ပြောဆိုထားပါတယ်။

Samsung ဟာ ထုတ်လုပ်မှုကို ယာယီဆိုင်းငံ့ထားပေမယ့် ဈေးကွက်ရှာဖွေရေးနဲ့ R&D လို ဌာနကဝန်ထမ်းတွေကတော့ နေအိမ်ကနေ အလုပ်လုပ်ကြဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။ တောင်ကိုရီးယားကုမ္ပဏီတစ်ခုဖြစ်တဲ့ LG အနေနဲ့လည်း Samsung နဲ့အလားတူ၊ အိန္ဒိယအစိုးရရဲ့ တောင်းဆိုမှုကို လိုက်လျောရမှာဖြစ်ပြီး Noida နဲ့ Pune မှာရှိတဲ့ စက်ရုံတွေကို ယာယီ ပိတ်ထားမယ်လို့ သိရပါတယ်။

Ref: GSM Arena