Samsung ဟာ ယခုနှစ်အစောပိုင်းမှာ မိတ်ဆက်ခဲ့တဲ့ Galaxy S20 Series ဖုန်းတွေမှာ Time of Flight (ToF) Sensor ကို ထည့်သွင်းပေးခဲ့ပေမယ့် Galaxy Note 20 Series မှာတော့ ပြန်ပြီး ဖြုတ်ချခဲ့တာဖြစ်ပါတယ်။ အခုနောက်ဆုံးသိရတဲ့သတင်းအရတော့ Galaxy S21 ဖုန်းတွေမှာလည်း ToF Sensor ပါဝင်လာမှာမဟုတ်ပြန်ပါဘူး။

ဘာကြောင့်လဲဆိုရင် South Korean Website တစ်ခုဖြစ်တဲ့ TheElec ကနေ Galaxy S21 ဖုန်းတွေမှာ ToF Sensor အစား နောက်ထပ် Telephoto Sensor တစ်လုံးကို ထည့်သွင်းလာမယ်လို့ ဖော်ပြခဲ့တာကြောင့်ဖြစ်ပါတယ်။ အခုလိုမျိုး Telephoto Sensor ကို ၂ လုံးထည့်သွင်းတာက လက်ရှိအချိန်မှာ Xiaomi ၊ Huawei နဲ့ တခြားသော စမတ်ဖုန်းထုတ်လုပ်သူတွေအနေနဲ့လည်း ဆောင်ရွက်ခဲ့ဖူးပါသေးတယ်။

အဲ့ဒီအတွက် Galaxy S21 စမတ်ဖုန်းဟာ 108MP Primary Sensor ၊ 12MP Ultrawide Sensor ၊ 10MP 3x Optical Zoom ရရှိမယ့် Telephoto Sensor နဲ့ Periscope Telephoto Sensor ပါဝင်မယ်လို့ သိရပါတယ်။ အဆိုပါ Periscope Telephoto Sensor ဟာ အနည်းဆုံး 5x Optical Zoom ကို Support ပြုလုပ်မယ်လို့ ယူဆရပါတယ်။

ဒါတင်မဟုတ်သေးဘဲ Galaxy S21 Series ဖုန်းတွေထဲက အမြင့်ဆုံး Model ကလည်း S Pen လည်းပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါက Galaxy S Series ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ S Pen ပါဝင်လာမှာလည်းဖြစ်ပါတယ်။

Samsung ဟာ ပြီးခဲ့တဲ့ Galaxy S20 Series ဖုန်းတွေကို အလုံးရေ သန်း ၂၀ ဝန်းကျင်ပဲ ရောင်းချခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့ Galaxy S Series ဖုန်းတွေနဲ့ ယှဥ်ရင် ရောင်းအားကျဆင်းနေတာဖြစ်ပါတယ်။ ဒါပေမယ့် လာမယ့် Galaxy S21 Series ဖုန်းတွေမှာတော့ ပြန်လည်အောင်မြင်နိုင်တဲ့ပုံစံပါပဲ။

Ref – Gizmo China