Samsung ဟာ အခုနှစ်မှာ ပထမဆုံးအနေနဲ့ ကမ္ဘာ့အကြီးမားဆုံးသော စမတ်ဖုန်းထုတ်လုပ်သူနေရာကို Huawei ကို ခတ္တနေရာပေးခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့လပိုင်းတုန်းက Samsung ဟာ Huawei ကို ကျော်တက်ပြီး စျေးကွက်ပထမဆုံးနေရာကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်။

အခုလည်း Strategy Analytics ကနေ ထုတ်ပြန်တဲ့ Report တစ်ခုအရ Samsung ဟာ ယခုနှစ်အတွက် စျေးကွက်ပထမနေရာကို ဆက်လက်ဦးဆောင်နိုင်ဦးမှာဖြစ်တယ်လို့ သိရပါတယ်။ Samsung ဟာ ယခု ၂၀၂၀ ခုနှစ်အတွက် စုစုပေါင်း စမတ်ဖုန်းအလုံးရေ ၂၆၅.၅ သန်းခန့် ရောင်းချနိုင်မှာဖြစ်သလို လာမယ့် ၂၀၂၁ ခုနှစ်မှာလည်း စမတ်ဖုန်းအလုံးရေ ၂၉၅ သန်းအထိ ရောင်းချပြီး ပထမနေရာကို ဆက်လက်ထိန်းထားနိုင်ဖွယ်ရှိနေပါတယ်။

ဒါပေမယ့် Huawei အနေနဲ့ကတော့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ စမတ်ဖုန်းအလုံးရေ ၂၄၀.၅ သန်းခန့်ရောင်းချနိုင်ခဲ့ပေမယ့် ယခုနှစ်မှာ ၁၉၂.၇ သန်းပဲ ရောင်းချနိုင်တော့မှာဖြစ်ပါတယ်။ Strategy Analytics ကတော့ Huawei ဟာ ကိုယ်ပိုင် Kirin Chipset တွေကို ထုတ်လုပ်နိုင်ခြင်းမရှိတော့တဲ့အတွက် ၂၀၂၁ ခုနှစ်မှာ စုစုပေါင်း စမတ်ဖုန်းအလုံးရေ ၅၉ သန်းလောက်ပဲ ရောင်းချနိုင်တော့မှာဖြစ်ပြီး စျေးကွက်ထဲမှာ အကြီးမားဆုံးစမတ်ဖုန်းထုတ်လုပ်သူအဖြစ်ကနေ ဆင်းပေးလိုက်ရမယ်လို့ ခန့်မှန်းခဲ့ပါတယ်။

Apple အနေနဲ့ကတော့ ယခုနှစ်မှာ စျေးကွက် တတိယနေရာမှာပဲ စုစုပေါင်း စမတ်ဖုန်းအလုံးရေ ၁၉၀.၁ သန်းရောင်းချနိုင်မှာဖြစ်ပြီး လာမယ့် ၂၀၂၁ ခုနှစ်မှာတော့ ၂၃၅.၇ သန်းအထိ ရောင်းချနိုင်ပြီး ဒုတိယနေရာကို ပြန်လည်ရယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် စျေးကွက် တတိယနေရာကို Xiaomi ကနေ လာမယ့် ၂၀၂၁ ခုနှစ်မှာ ရယူသွားမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် လက်ရှိ COVID-19 ဗိုင်းရပ်စ်ကြောင့် စမတ်ဖုန်းရောင်းအားကျဆင်းတာတွေက လာမယ့် ၂၀၂၂ ခုနှစ်ကြရင် လုံးဝနီးပါးပြန်လည်ကောင်းမွန်လာမယ်လို့ ခန့်မှန်းရပါတယ်။

Ref – GSM Arena