နောက်ဆုံးပေါ် ဖုန်းအသစ်တွေက စျေးနှုန်းမြင့်မားနေလို့ ဝယ်ယူဖို့ အခက်အခဲဖြစ်နေတယ်ဆိုရင် အကောင်းဆုံးနည်းလမ်းတစ်ခုက အရမ်းကြီး Model မနိမ့်သေးတဲ့ ဖုန်းတွေကို အဟောင်းအနေနဲ့ ဝယ်ယူတာပဲဖြစ်ပါတယ်။ ဥပမာအားဖြင့် ပြီးခဲ့တဲ့နှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Flagship ဖုန်းကို Second-hand အနေနဲ့ဝယ်ယူလိုက်တာက စျေးနှုန်းတူ အသစ်ရောင်းချနေတဲ့ Mid Range ဖုန်းတွေထက် စွမ်းဆောင်ရည်ပိုင်းမှာ ပိုမိုကောင်းမွန်နိုင်ပါတယ်။

ဒါပေမယ့်လည်း အခုလိုမျိုး ဖုန်းအဟောင်းဝယ်ယူမှုဟာ တစ်ခါတလေမှာ အားနည်းချက်တွေအများအပြားရှိလာပြီး အဆိုးရွားဆုံးအခြေအနေနဲ့ ကိုယ်ဝယ်ယူပြီးမှ ပျက်သွားတာမျိုးတွေပါ ဖြစ်ပွားတတ်ပါတယ်။ ဒါကြောင့် စိတ်ချရတဲ့ရောင်းချသူတွေဆီမှာ ဝယ်ယူဖို့က အရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ်။

ဒီအတွက် Apple အပါအဝင် တချို့သော စမတ်ဖုန်းထုတ်လုပ်သူတွေက ယခင်တုန်းက Model တွေကို အကောင်းအတိုင်းဖြစ်အောင် ပြန်လည်ပြင်ဆင်ထုတ်လုပ်ထားတဲ့ Refurbished Model အနေနဲ့ ပြန်လည်ပြီး တရားဝင်ရောင်းချလေ့ရှိပါတယ်။ အဆိုပါ စမတ်ဖုန်းကုမ္ပဏီကနေ တရားဝင်ရောင်းချတဲ့ Refurbished ဖုန်းတွေဟာ ပုံမှန်အားဖြင့် ပျက်စီးနေတဲ့အစိတ်အပိုင်းတွေကို လဲလှယ်ပြင်ဆင်ပြီး ရောင်းချတာဖြစ်တဲ့အတွက် စျေးကွက်ထဲက အဟောင်းဝယ်ယူတာထက် ပိုပြီး စိတ်ချရသလို စျေးနှုန်းအနေနဲ့လည်း အသစ်ထက် အများကြီးပိုသက်သာမှာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Apple လိုမျိုးပဲ Samsung ကနေလည်း ယခင်တုန်းက မိတ်ဆက်ထားတဲ့ မော်ဒယ်မြင့်စမတ်ဖုန်းအများအပြားကို Refurbished အနေနဲ့ တရားဝင်ရောင်းချသွားတော့မယ်လို့ သိရပါတယ်။ Samsung ကတော့ အခုလိုမျိုး ရောင်းချမှုကို “Re-Newed Segment” လို့ ခေါ်ဆိုထားပြီး Galaxy S20 Series ၊ Galaxy Note 20 Series ၊ Galaxy S21 နဲ့ Galaxy S10 လိုမျိုး ဖုန်းတွေပါဝင်မှာဖြစ်ပါတယ်။ အသေးစိတ်ရောင်းချမယ့်ဖုန်းတွေနဲ့ စျေးနှုန်းအသေးစိတ်ကိုတော့ Region အလိုက်ခွဲခြားထားမယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Samsung အနေနဲ့ ယခုရောင်းချသွားမယ့် Refurbished ဖုန်းတွေအတွက် Warranty ကိုပါ ပေးအပ်သွားမယ်လို့ သိရတာကြောင့် ဖုန်းကောင်းကောင်းကို စျေးသက်သက်သာသာနဲ့ ဝယ်ယူချင်သူတွေအတွက် သတင်းကောင်းတစ်ခုဖြစ်လာနိုင်ပါတယ်။

Ref – Gizmo China