အမေရိကန်အခြေစိုက်ကုမ္ပဏီဖြစ်တဲ့ Apple ဟာ အမေရိကန်စမတ်ဖုန်းဈေးကွက်မှာ ကြီးစိုးနေတယ်ဆိုတာ အထူးအဆန်းမဟုတ်ပါဘူး။ ဒါပေမယ့် တောင်ကိုရီးယားအခြေစိုက်ကုမ္ပဏီဖြစ်တဲ့ Samsung ကတော့ အမေရိကန်ဈေးကွက်မှာ အိမ်ရှင်ကိုကျော်တက်ပြီး ဈေးကွက်ကို ဦးဆောင်နိုင်သူ ဖြစ်လာပါတယ်။

၂၀၁၇ ခုနှစ် ဒုတိယသုံးလပတ်နောက်ပိုင်း အမေရိကန်ဈေးကွက်ကို Samsung က ပထမဆုံးအကြိမ်အဖြစ် ဦးဆောင်လာနိုင်တာလည်း ဖြစ်ပါတယ်။ အခုအချိန်မှာတော့ Apple ထက် စမတ်ဖုန်းတင်ပို့ရောင်းချရမှု လေးပုံတစ်ပုံကျော် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ဇူလိုင်ကနေ စက်တင်ဘာ ကာလအတွင်းမှာ ဈေးကွက်ဝေစု ၃၃.၇% ရှိခဲ့ပြီး၊ ဒီပမာဏဟာ ပြီးခဲ့တဲ့နှစ်ကာလတူနဲ့နှိုင်းယှဉ်ရင် ၆.၇% တိုးတက်လာတာလည်း ဖြစ်ပါတယ်။

Samsung ရဲ့ ဒီကိန်းဂဏန်းတွေရရှိဖို့ အဓိကမောင်းနှင်ပေးတာကတော့ ဝယ်လိုအားကြီးမားလွန်းတဲ့ Mid-range မော်ဒယ်တွေနဲ့ Galaxy Note20 စီးရီးနဲ့ Galaxy Z Fold 2 foldable တို့လို ပရီမီယံအမျိုးအစားတွေဖြစ်ပါတယ်။ ဒါကြောင့် Apple ဟာ ဒုတိယနေရာကို ပြုတ်ကျပြီး ဈေးကွက်ဝေစု ၃၀.၂% ဖြစ်ခဲ့ရပါတယ်။ ဒီလိုဖြစ်ရတာဟာ Apple အနေနဲ့ iPhone 12 စီးရီးတွေကို မိတ်ဆက်ဖြန့်ချိရာမှာ နှောင့်နှေးခဲ့ခြင်းကြောင့်ဖြစ်သလို၊ ယခင်မျိုးဆက်တွေရောင်းချခဲ့တဲ့အစဉ်အလာအတိုင်း မဟုတ်ခဲ့တာကြောင့်ဖြစ်တယ်လို့ Strategy Analytics အဖွဲ့က ထောက်ပြပြောဆိုခဲ့ပါတယ်။

အခြားတောင်ကိုရီးယားအခြေစိုက်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ LG ကတော့ ဈေးကွက်ဝေစု ၁၄.၇% နဲ့ တတိယနေရာမှာ ရှိနေပါတယ်။ လေ့လာသုံးသပ်သူတွေရဲ့ ကမ္ဘာလုံးဆိုင်ရာအချက်အလက်တွေအရ Samsung ဟာ တတိယသုံးလပတ်မှာ ထိပ်တန်းရောင်းချသူဖြစ်လာပြီး Huawei က (14.1%)၊ Xiaomi က (၁၁.၉%၀) တွေထက် ဦးဆောင်ပြီး ၂၁.၉% တင်ပို့ရောင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။

Apple အနေနဲ့ ဒီနှစ်တတိယသုံးလပတ်အတွင်း ကမ္ဘာတစ်ဝန်းကို စမတ်ဖုန်းတင်ပို့ရောင်းချမှုဟာ ၁၁.၉% လောက်ရှိတယ်လို့ ခန့်မှန်းရပါတယ်။ လတ်တလောမှာတော့ iPhone 12 စီးရီးတွေ ကုန်ပစ္စည်းပြတ်တောက်သွားပြီဖြစ်တဲ့အတွက် စတုတ္ထသုံးလပတ်ထဲမှာ ပြိုင်ဆိုင်မှုက ပိုပြီးပြင်းထန်နေမယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena