Apple ဟာ သူ့ရဲ့ အဆင့်မြင်ရောင်းကုန်တွေအတွက် လိုအပ်တဲ့ OLED အစိတ်အပိုင်းတွေကို Samsung တစ်ခုတည်းဆီကနေ အများဆုံးအဖြစ် ရယူနေခဲ့တာကြာပါပြီ။ ဒီလိုမျိုး Supplier တစ်ခုတည်းကိုပဲ မှီခိုအားထားနေရတာမျိုးကိုလည်း Apple က မကြိုက်တာကြောင့် လျှော့ချဖို့လည်း ကြိုးစားနေတယ်ဆိုတာ မြင်တွေ့နေရပါတယ်။

တစ်ဘက်မှာလည်း Apple ရဲ့ MacBook, Mac, iPad lineup တွေမှာ လက်ရှိ M1 Silicon ကိုအသုံးပြုနေတာကြောင့် ဒီ Chip တွေကို အတော်လေးလိုအပ်နေပါတယ်။ Apple အတွက် M1 chip ထောက်ပံ့ရေးကွင်းဆက်ထဲဝင်ရောက်သူတွေအနေနဲ့ ကြီးမားတဲ့ ဘဏ္ဍာရေးဆိုင်ရာ အမြတ်အစွန်းတွေကို ရရှိတာလည်း ဖြစ်ပါတယ်။

Samsung ဟာ Apple အတွက် အဆိုပါပေးသွင်းသူတွေထဲက တစ်ခုအဖြစ်ပါဝင်နေပြီး ဆားကစ်ချိတ်ဆက်မှုတွေနဲ့အတူ ခေတ်မီသိပ်သည်းဆမြင့် Chip တွေအတွက် အရေးကြီးတဲ့ FC-BGA substrate တွေကို ထုတ်လုပ်နေပါတယ်။ ဒီတော့ OLED ထောက်ပံ့မှုမှာလျှော့ချခံလိုက်ရတဲ့ Samsung က M2 Chip ဘက်ကနေ ပြန်ရယူဖို့ ကြံစည်နေတယ်လို့ သိရပါတယ်။

Samsung Electro-Mechanics ကလည်း လာမဲ့ M2 chip အတွက် တူညီတဲ့ FC-BGA substrate တွေထုတ်လုပ်ဖို့ Apple နဲ့ သဘောတူညီမှုရဖို့ နီးစပ်နေကြောင်း သတင်းထွက်နေတာပဲ ဖြစ်ပါတယ်။ မကြာခင်ကပဲ ဗီယက်နမ်မှာ FC-BGA ထုတ်လုပ်မှုစက်ရုံတည်ဆောက်ဖို့အတွက် ဒေါ်လာ ၁ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားတဲ့ Samsung ရဲ့ ပြင်ဆင်မှုက စိတ်ဝင်စားစရာဖြစ်ပါတယ်။

Ref: GSM Arena