လွန်ခဲ့တဲ့ ဧပြီလတုန်းကတော့ Huawei ဟာ Samsung ကို ကျော်တက်ပြီး ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်း တင်ပို့ရောင်းချသူအဖြစ် နံပါတ်တစ်နေရာကို ရယူခဲ့ပါတယ်။ တရုတ်ပြည်တွင်းဈေးကွက်မှာ အောင်မြင်မှုရခဲ့ပေမယ့် ကမ္ဘာ့ကပ်ရောဂါ ပျံ့နှံ့ပြီးနောက်ပိုင်း ဥရောပနဲ့ အိန္ဒိယလိုဈေးကွက်တွေမှာ ကျဆင်းလာခဲ့တဲ့နောက် အခြေအနေတွေက ပြောင်းလဲသွားပြန်ပါတယ်။

စီးပွားရေးလုပ်ငန်းအချို့ ပုံမှန်လည်ပတ်ဖို့ ပြန်လည်စတင်လာတဲ့သြဂုတ်လကနေ အခုအချိန်အတောအတွင်းမှာတော့ တောင်ကိုရီးယားအခြေစိုက် ကုမ္ပဏီကြီးက သူ့ရဲ့နေရာဟောင်းကို ပြန်လည်ရယူလိုက်ပြန်ပါတယ်။ ဒါ့အပြင် Samsung ဟာ သူနဲ့ Huawei ကြားက ဈေးကွက်ဝေစု ကွာခြားချက်ကိုလည်း ပိုပြီးကျယ်ပြန်လာအောင် လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

Counterpoint Research ရဲ့ အစီရင်ခံစာအရ Samsung ဟာ သြဂုတ်လမှာ ၂၂% သော ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ဝေစုကို ရရှိခဲ့ပြီး Huawei ကတော့ ၁၆% သာရရှိခဲ့တာကို တွေ့ရပါတယ်။ အဓိပ္ပါယ်ကတော့ Samsung ရဲ့ ဈေးကွက်ဝေစုဟာ Huawei ထက် ၃၁.၆% ပိုများတယ်ဆိုတာပါပဲ။ လွန်ခဲ့တဲ့ ဧပြီလတုန်းကတော့ Samsung ဟာ ၂၀% မှာ ရှိနေပြီး Huawei ကတော့ ၂၁% နဲ့ ဦးဆောင်ခဲ့ပါတယ်။

ဒါပေမယ့် ဈေးကွက်အတော်များများမှာ Lockdown ဖြည်လိုက်ကြတဲ့နောက်၊ Samsung ဟာ သူ့ရဲ့ ဈေးကွက်ဝေစုကို တိုးတက်လာအောင် လုပ်နိုင်ခဲ့တာကို တွေ့ရပါတယ်။ အထူးသဖြင့် အန္ဒိယဈေးကွက်မှာ အွန်လိုင်းကရောင်းချတဲ့ဗျူဟာကို အားစိုက်ခဲ့ပါတယ်။ ဒါကြောင့် ၂၀၂၀ ပြည့်နှစ်ရဲ့ ဒုတိယသုံးလပတ်ဟာ၊ အဲဒီဈေးကွက်မှာ ၂၀၁၈ ခုနှစ်နောက်ပိုင်း အမြင့်မားဆုံးဈေးကွက်ဝေစုကို ရရှိခဲ့ပါတယ်။

အခြားတစ်ဖက်မှာတော့ Huawei ဟာ တရုတ်−အမေရိကန် ကုန်သွယ်ရေးစစ်ရဲ့ ရိုက်ခတ်မှုကြောင့် ဥရောပအပါအဝင် ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်ဝေစုတွေမှာပါ ထိခိုက်ကျဆင်းမှုကို ရင်ဆိုင်လာရပါတယ်။ ရလဒ်ကတော့ အရှေ့ဥရောပဈေးကွက်မှာ Xiaomi အမှတ်တံဆိပ်က ကြီးထွားလာတာပဲ ဖြစ်ပါတယ်။

Apple ရဲ့ ဈေးကွက်ဝေစုကတော့ ဧပြီနဲ့ သြဂုတ်လတွေမှာ ၁၂% နဲ့ ရပ်တည်နေတာကို တွေ့မြင်ရပါတယ်။ ဒါဟာ iPhone 11 စီးရီးနဲ့ iPhone SE တို့ရဲ့ ရောင်းအားကြောင့်လည်း ဖြစ်ပါတယ်။ လာမယ့် နိုဝင်ဘာလမှာလည်း iPhone 12 စီးရီးကြောင့် ရောင်းအားပိုတက်လာဦးမယ်လို့ မျှော်လင့်ရပါတယ်။

Ref: Gizmochina