Samsung ဟာ ကမ္ဘာ့အကြီးဆုံး Display ထုတ်လုပ်သူတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ စမတ်ဖုန်းအပါအဝင် Display လိုအပ်တဲ့ အီလထရောနစ်ထုတ်ကုန်အတော်များများမှာ Samsung ရဲ့ LCD panel တွေကို အသုံးပြုနေကြရတာလည်း ဖြစ်ပါတယ်။


ဒါပေမယ့် တောင်ကိုရီးယားအခြေစိုက် နည်းပညာကုမ္ပဏီကြီးကတော့ ၂၀၂၀ ပြည့်နှစ်ကုန်ဆုံးချိန်မှာ LCD panel ထုတ်လုပ်မှုကို ရပ်တန့်လိုက်တော့မယ်လို့ ဆိုပါတယ်။ ဒီလိုဆုံးဖြတ်လိုက်တာက ကြီးမားတဲ့အရွေ့တစ်ခုကို ဖော်ဆောင်ဖို့လည်း ဖြစ်ပါတယ်။ အဲဒါကတော့ Quantum dot display တွေကို ထုတ်လုပ်သွားဖို့ပဲ ဖြစ်ပါတယ်။

Samsung Display ဟာ နည်းပညာကုမ္ပဏီကြီးရဲ့ အဓိကစီးပွားရေးလုပ်ငန်းစုကြီးထဲက အရေးပါတဲ့ကဏ္ဍတစ်ခုပါ။ Samsung Display ဟာ LCDs, OLEDs နဲ့ Quantum dots လို Panel အမျိုးအစားအားလုံးကို ထုတ်လုပ်နေတာပါ။ အခုတော့ LCD ကို ချန်ထားခဲ့ပြီး ကျန်တဲ့ခေတ်မီ Panel တွေကိုပဲ အာရုံစိုက်ထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။

ဒီနှစ်အကုန်မှ ရပ်တန့်လိုက်တော့မယ်လို့ ဆိုပေမယ့် ကုမ္ပဏီဟာ အခုအချိန်ကတည်းက LCD ထုတ်လုပ်မှုနှုန်းထားကို လျှော့ချနေပြီးဖြစ်ပါတယ်။ ဖောက်သည်တွေ ကြိုတင်မှာယူထားတဲ့ အရေအတွက်ပြည့်မီအောင်သာ ဆက်လက်ထုတ်လုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။ အချို့ကိုတော့ ကုမ္ပဏီရဲ့ ကိုယ်ပိုင်တီဗီတွေမှာ အသုံးပြုနေဆဲဖြစ်တာကိုလည်း တွေ့ရပါတယ်။


ဒီအပြောင်းအလဲအတွက် LCD ဌာနမှတာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေဟာ OLED နဲ့ QD Display ဌာနတွေဘက်ကို ပြောင်းရွှေ့လုပ်ကိုင်ကြရမယ်လို့ သိရပါတယ်။ ဒါ့အပြင် Quantum Dot display တွေကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ထုတ်လုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကိုလည်း မှာယူထားပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ အောက်တိုဘလကတည်းက Quantum Dot display ထုတ်လုပ်မှုအတွက် ဒေါ်လာ ၁၁ ဘီလီယံ ရင်းနှီးမြှုပ်နှံထားတာကြောင့် လာမယ့် ၂၀၂၁ ခုနှစ်ဟာ QD Display ခေတ်ရောက်လာမယ်လို့ မျှော်လင့်ရပါတယ်။ အခြားတစ်ဘက်မှာတော့ LCD display နဲ့ Device တွေဟာ တဖြည်းဖြည်းနဲ့ လျော့နည်းလာဖွယ်ရှိတာလည်း ဖြစ်ပါတယ်။

Ref: GSM Arena