Samsung ဟာ လာမယ့်လပိုင်းအတွင်းမှာ Foldable စမတ်ဖုန်းအသစ်ဖြစ်တဲ့ Galaxy Z Fold 3 စမတ်ဖုန်းကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ Galaxy Z Fold 3 စမတ်ဖုန်းဟာ Samsung အတွက် ပထမဆုံး Under-display Selfie Camera နဲ့ S Pen ပါဝင်လာမယ့် Foldable စမတ်ဖုန်းလည်းဖြစ်ပါတယ်။

အခုလည်း Samsung ကနေ နောက်ထပ် Foldable စမတ်ဖုန်းတွေအတွက် Camera Feature အသစ်ကို ထပ်မံမူပိုင်ခွင့်ရယူလိုက်ပါပြီ။ ဒါကတော့ Foldable ဖုန်းတွေရဲ့ ဘေးဘက်ထောင့်မှာ 180-degree လှည့်ထားနိုင်မယ့် Camera Setup ကို အသုံးပြုထားတာဖြစ်ပါတယ်။

ဒီလိုမျိုး ဖုန်းရဲ့ ဘေးဘက်ထောင့်မှာ Camera Setup ကို အသုံးပြုထားတဲ့အတွက် ဖုန်းကို Fold ပြုလုပ်ထားတဲ့အချိန်မှာ ပုံမှန် Back Camera အနေနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဖုန်းကို ဖြန့်လိုက်တဲ့အချိန်မှာ Camera ကို Selfie အနေနဲ့ ပြောင်းလဲသွားမှာဖြစ်ပါတယ်။ ဒီလိုမျိုး ပြုလုပ်ထားတဲ့အတွက် Quality ပိုင်းမှာ Selfie Camera နဲ့ Back Camera ကို Quality တူတူပဲဖြစ်နေတာက အားသာချက်ဖြစ်မှာပါ။

လက်ရှိနောက်ဆုံးသိထားတဲ့အချက်တွေအရ Samsung Galaxy Z Fold 3 စမတ်ဖုန်းမှာ ပါဝင်တဲ့ Under-display Selfie Camera Setup ဟာ အရည်အသွေးအနေနဲ့ ပုံမှန်ထက် နိမ့်ကျနေတုန်းပဲလို့ သိရပါတယ်။ အဲ့ဒီအတွက် Samsung အနေနဲ့ Foldable စမတ်ဖုန်းတွေအတွက် Camera Setup ကိုနောက်ပိုင်းကြရင် ပုံစံပြောင်းဖို့စီစဥ်နေတဲ့ပုံစံပါပဲ။

Ref – Android Authority