Samsung electronic ဟာ ပြင်းထန်တဲ့ ဆိုက်ဘာတိုက်ခိုက်မှုတစ်ခုကြောင့် လျှို့ဝှက်အချက်အလက်အများအပြား အွန်လိုင်းမှာ ပေါက်ကြားသွားခဲ့တယ်လို့ သိရပါတယ်။ တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးကို တိုက်ခိုက်ခဲ့တဲ့နောက်ကွယ်မှာ ဟက်ကာအဖွဲ့တစ်ဖွဲ့ ရှိနေတယ်လို့လည်း ဆိုပါတယ်။

သတင်းတွေအရ ဒီတိုက်ခိုက်မှုကြောင့် Source code တွေနဲ့ အခြားလျှို့ဝှက်အချက်အလက်တွေ ပေါက်ကြားခဲ့တယ်လို့ သိရပါတယ်။ ဟက်ကာတွေဟာ အဆိုပါလုံခြုံရေးချိုးဖောက်မှုမှာပေါက်ကြားခဲ့တဲ့ ဒေတာတွေအားလုံးရဲ့စာရင်းကို ကြိုတင်ပြင်ဆင်ပြီးသားဖြစ်တယ်လို့လည်း သိရပါတယ်။ Samsung ဟာ လျှို့ဝှက်ဒေတာပေါင်း 190GB နီးပါး ဆုံးရှုံးခဲ့တာလည်း ဖြစ်ပါတယ်။

Lapsus$ အဖွဲ့က ဒီတိုက်ခိုက်မှုဟာ သူတို့ရဲ့လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ သူတို့ဟာ ဒေတာကို အွန်လိုင်းကနေထုတ်လွှတ်နိုင်ကြောင်းပြသတဲ့အနေနဲ့ Samsung software က C/C++ directories တွေကို လျှပ်တပြက်ဓါတ်ပုံရိုက်ပြီး ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ပေါက်ကြားမှုအကြောင်းကိုလည်း ဖော်ပြခဲ့ပါသေးတယ်။

Samsung ရဲ့ TrustZone မှာ ထည့်သွင်းထားတဲ့ Trusted Applet တိုင်းအတွက် Source code ကိုလည်း ဖော်ပြထားပါတယ်။ ဒါကြောင့် Encryption, access control, hardware cryptography အစရှိတာတွေလည်း ပါဝင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။ Lapsus$ အဖွဲ့ဟာ မကြာသေးခင်ကလည်း NVIDIA ဒေါတာပေါက်ကြားမှုကိုလည်း ဖြစ်စေခဲ့ပါသေးတယ်။ အခုတိုက်ခိုက်မှုအပြီးမှာ Lapsus$ က Samsung ကို ဘယ်လိုတောင်းဆိုမှုတွေပြုလုပ်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

Ref: sammobile