အရှေ့တောင်အာရှဒေသအခြေစိုက် Dota 2 အသင်းတစ်သင်းဖြစ်တဲ့ Fnatic ဟာ Huya World Esports Legendary League ရဲ့ ဖိုင်နယ်ပွဲစဉ်မှာ Dota Hero အသင်းကို ၃ ပွဲပြတ်အနိုင်ရပြီး ဗိုလ်စွဲခဲ့ပါတယ်။

ဒါဟာ သူတို့အတွက် နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲငါးခုဆက်တိုက် ဗိုလ်စွဲခဲ့တာဖြစ်လို့ အတော်လေးထူးခြားတဲ့ စံချိန်တစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Fnatic ဟာ Huya World Esports ပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့်ကနေစပြီး ရှုံးပွဲ လုံးဝမရှိဘဲ ပွဲတိုင်း အပြတ်အသတ် အနိုင်ရခဲ့တာကိုလည်း တွေ့ရပါတယ်။

မလေးအခြေစိုက် Dota 2 အသင်း Dota Hero ကို အနိုင်ရဗိုလ်စွဲခဲ့တဲ့အတွက်လည်း ဆုကြေးငွေအမေရိကန်ဒေါ်လာ ၃၆,၇၆၆ ကို ရရှိခဲ့ပါတယ်။ Fnatic အနိုင်ရခဲ့တဲ့ ပြိုင်ပွဲတွေကတော့ DOTA Summit 12, ESL One LA 2020 – Online: SEA, BTS Pro Series: SEA, ESL One Birmingham 2020 – Online: SEA, Huya World Esports Legendary League တို့ပဲ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် ကမ္ဘာအနှံ့မှ အသင်းကြီးတွေနဲ့ ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲတွေမှာ SEA အသင်းတစ်သင်းအနေနဲ့ ဆက်တိုက်ဗိုလ်စွဲဖို့ မလွယ်ကူပေမယ့် COVID-19 ကြောင့် ပြိုင်ပွဲအားလုံး အွန်လိုင်းစနစ် ပြောင်းလဲကျင်းပရတဲ့အချိန်မှာ အခက်အခဲအမျိုးမျိုးကြောင့် Region အလိုက်သာ ယှဉ်ပြိုင်ရပါတယ်။ Region တစ်ခုမှာလည်း အင်အားကြီးအသင်းတွေ ကိုယ်စီရှိတာမို့ အခုလို ဆက်တိုက်ဗိုလ်စွဲဖို့ဆိုတာလည်း လွယ်တာတော့ မဟုတ်ပါဘူး။

Ref – AFKGaming

Photos from Fnatic FB Page