နည်းပညာအသစ်တွေပေါ်လာတာနဲ့အတူ အရင်ဆုံးတွဲဖက်ပြီး တိုးတက်ပြောင်းလဲလာတာကတော့ Gaming ပိုင်းပဲဖြစ်ပါတယ်။ ဒီ Gaming Industry ပိုင်းဟာ တကမ္ဘာလုံးက လူတွေအကုန်လုံးပါဝင်ဆက်နွယ်နေတဲ့ အပိုင်းဖြစ်တာကြောင့် အောင်မြင်မှုကလည်း တဟုန်ထိုးရရှိတတ်ပါတယ်။

အခုလည်း နည်းပညာပိုင်းမှာ NFT လို့ လူသိများတဲ့ Non-fungible Token တွေဟာ Blockchain နည်းပညာကို အသုံးချပြီး ဝင်ငွေရှာဖွေပေးနိုင်တဲ့ နည်းလမ်းတွေဖြစ်လာပါတယ်။ အဲ့ဒါနဲ့အတူ Gaming ပိုင်းဆိုင်ရာ ကုမ္ပဏီတွေကလည်း ဆော့ကစားရင်းနဲ့ ဝင်ငွေရှာဖွေနိုင်တဲ့ Blockchain-based Play-to-Earn ဂိမ်းတွေ၊ NFT တွေကို သီးသန့်ရောင်းချလာပြီဖြစ်ပါတယ်။

အခုလည်း နာမည်ကြီး ဂိမ်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Sega ကနေ NFT တွေကို အသုံးချပြီး Play-to-Earn ဂိမ်းတွေကို စမ်းသပ်နေပြီလို့ သိရပါတယ်။ Sega ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလတုန်းက NFT တွေကိုထောက်ပံ့သွားမယ်ဆိုပြီး ကြေညာခဲ့ပေမယ့် Fan တွေရဲ့ ကန့်ကွက်မှုကြောင့် ခတ္တပြန်လည်ရပ်နားခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုး ကန့်သတ်မှုက အဓိကအနေနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနဲ့ လေထုညစ်ညမ်းမှုတွေကြောင့် ပါဝင်ခဲ့ပါတယ်။

မကြာသေးခင်ကမှ Sega Sammy Holdings Management Meeting ကနေ ထွက်ပေါ်လာတဲ့ Statement အရတော့ လက်ရှိအချိန်မှာ Sega ဟာ Play-to-Earn ဂိမ်းတွေကို စမ်းသပ်နေတာမှန်ကန်ပေမယ့်လည်း တရားဝင်ထွက်ရှိဖို့ရှိမရှိ ဆုံးဖြတ်ချက်မချရသေးဘူးလို့ သိရပါတယ်။ ကန့်ကွက်နေမှုတွေရှိနေတာကြောင့် လက်ရှိအချိန်မှာ စစ်ဆေးမှုတွေလည်း ပြုလုပ်နေပြီး ဆက်လက် Research ပြုလုပ်မှုတွေကို ခတ္တဆိုင်းငံ့ထားတာဖြစ်ပါတယ်။

တကယ်လို့သာ Sega ကုမ္ပဏီအနေနဲ့ အခုလိုမျိုး Play-to-Earn Model ဂိမ်းတွေဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုရှိနိုင်တယ်ဆိုရင် လုံးဝပြုလုပ်မှာမဟုတ်တော့ဘဲ ရပ်ဆိုင်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါကြောင့် Sega အနေနဲ့ NFT စျေးကွက်ထဲကို ဝင်ရောက်မလား၊ မဝင်ရောက်ဘူးလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Game Rant