Signal ဟာ ၂၀၂၁ ခုနှစ်ထဲမှာ သုံးစွဲသူတွေ နှစ်သက်ပြီးများပြားလာကြောင်း သိသာတဲ့ တုံ့ပြန်မှုတွေကို ရရှိနေပါတယ်။ ဒါဟာ Signal အတွက် ပိုပြီးချဲ့ထွင်ဖို့ အခွင့်အလမ်းကောင်းလို့ဆိုရမှာပါ။ ဒါကြောင့် Signal Technology Foundation and Signal Messenger LLC က အသုံးပြုသူတွေအတွက် လုပ်ဆောင်ချက်အသစ်တွေ ထောက်ပံ့ပေးနိုင်ဖို့ ကြိုးစားလာတာကိုလည်း တွေ့မြင်နေရပါတယ်။

ကိုယ်ရေးကိုယ်တာနဲ့ လုံခြုံစိတ်ချရမှုကို ဦးစားပေးတဲ့ အသုံးပြုသူတစ်ဦးဆိုရင်လည်း Signal ဟာ စိတ်ပျက်စရာ ရွေးချယ်မှုတစ်ခုတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ End-to-End encryption ထောက်ပံ့မှုက အကျိုးအမြတ်မယူတဲ့ဖောင်ဒေးရှင်းတစ်ခုရဲ့ ကျောထောက်နောက်ခံ ဖြစ်နေတာကလည်း အသုံးပြုသူတွေရဲ့ စိတ်မချမှုကို အတော်လေးပြေလျော့စေတယ်လို့ ဆိုရမှာပါ။

အခုအချိန်မှာတော့ Signal ဟာ Telegram လိုပဲ Broadcast group ကို ထောက်ပံ့ပေးဖို့ စတင်စမ်းသပ်နေပြီလို့ သိရပါတယ်။ Signal 5.22 ဟာ “announcement group” လို ခေါ်တဲ့ လုပ်ဆောင်ချက်ကို မိတ်ဆက်လာတာပါ။ ပုံစံကတော့ Telegram လုပ်သလိုမျိုးပါပဲ။ ခပ်ဆင်ဆင်တူပါတယ်။ Admin တွေကပဲ စကားပြောနိုင်မှာဖြစ်ပြီး ကျန်တဲ့ Group calls ထဲကသူတွေကတော့ နားထောင်ရုံသက်သက်ပါပဲ။

Telegram broadcast group တွေဟာ Admin မဟုတ်သူ စကားပြောဆိုမှုကို ကန့်သတ်ထားပြီး ပုံမှန်အဖွဲ့ဝင်တွေကတော့ Live voice chats ကို ပူးပေါင်းနိုင်ပါတယ်။ (Broadcast group ဟာ Channel နဲ့ မတူတာကို သတိပြုရပါမယ်။) WhatsApp မှာလည်း Admin မဟုတ်သူက စကားပြောလာမှာကို ကန့်သတ်ထားနိုင်ပါတယ်။ Broadcast group ဟာ တစ်ဖက်သက်ဆန်ပေမဲ့ ထိရောက်စွာအသုံးပြုနိုင်တဲ့ကောင်းကျိုးလည်း ရှိနေပါသေးတယ်။

Ref: Android Police