စမတ်ဖုန်းကင်မရာတွေဟာ ပရော်ဖက်ရှင်နယ်ကင်မရာတွေထက် ပိုပြီးလူကြိုက်များသလို၊ သုံးစွဲသူလည်း ပိုများနေပါပြီ။ ဒါပေမဲ့ အားနည်းချက်တစ်ခုက DSLR တွေက ပေးတဲ့ ရုပ်ပုံအရည်အသွေးမျိုးတော့ စမတ်ဖုန်းကင်မရာတွေက မပေးနိုင်သေးပါဘူး။ ဒီအားနည်းချက်က မကြာခင်ပြောင်းလဲသွားနိုင်တယ်လို့ အကြီးတန်း Qualcomm executive တစ်ဦးက ပြောလိုက်ပါတယ်။

Qualcomm ရဲ့ Camera, Computer Vision နဲ့ Video ပိုင်းဆိုင်ရာ Product Management Vice President ဖြစ်တဲ့ Judd Heape က Android authority နဲ့ အင်တာဗျူးမှာ အခုလို ပြောသွားခဲ့ပါတယ်။ Judd ဟာ စမတ်ဖုန်းဓါတ်ပုံရိုက်ခြင်းရဲ့ အနာဂတ်နဲ့ပတ်သက်တဲ့ သူ့ရဲ့အတွေးအမြင်တွေကို ဆွေးနွေးခဲ့ပါတယ်။

စမတ်ဖုန်းတွေအတွက် Image sensors, Processors တွေနဲ့ Artificial intelligence တွေကို မြှင့်တင်ပေးနေတဲ့နှုန်းထားဟာ တခြားစက်မှုလုပ်ငန်းတွေထက် ပိုများနေတာကြောင့်၊ ဒီနှုန်းအတိုင်းဆိုရင် နောက်ထပ် သုံးနှစ်ကနေ ငါးနှစ်အတွင်းမှာပဲ စမတ်ဖုန်းကင်မရာတွေက DSLR တွေထက် ပိုကောင်းမွန်တဲ့ အရေအသွေးတွေကို ထုတ်ပေးလာနိုင်လိမ့်မယ်လို့ Judd က ယုံကြည်နေတာ ဖြစ်ပါတယ်။

စမတ်ဖုန်းကင်မရာတွေက DSLR လိုအရည်အသွေးဘယ်လိုထုတ်ပေးနိုင်မလဲဆိုတဲ့မေးခွန်းအတွက်အဖြေက AI, Faster processing နဲ့ Faster sensor innovation လို့ ဆိုပါတယ်။ Judd က AI photography ကို အဆင့်လေးဆင့် ခွဲထားနိုင်တယ်လို့ ပြောပါတယ်။ ပထမအဆင့်မှာ AI ဟာ တိကျတဲ့ အရာဝတ္ထု၊ ဒါမှမဟုတ် မြင်ကွင်းတစ်ခုကို သိနားလည်ပါတယ်။

ဒုတိယအဆင့်မှာတော့ AI ဟာ 3A features လို့ခေါ်ဆိုနေကြတဲ့ Auto-focus, Auto-white balance နဲ့ Auto-exposure တွေကို အလိုအလျောက်လုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။ တတိယအဆင့်မှာတော့ AI ဟာ အခင်းအကျင်းရဲ့ မတူညီတဲ့ အစိတ်အပိုင်းတွေ၊ ဒါမှမဟုတ် မြင်ကွင်းအစိတ်အပိုင်းတွေကို သိနားလည်ခြင်းဖြစ်ပါတယ်။ ဒီအဆင့်ဟာ လက်ရှိစမတ်ဖုန်းထုတ်လုပ်မှုနယ်ပယ်ရောက်ရှိနေတဲ့အဆင့် ဖြစ်တယ်လို့ Judd က ပြောပါတယ်။

စတုတ္ထအဆင့်မှာတော့ AI ဟာ ဓာတ်ပုံတစ်ခုလုံးကို လုပ်ဆောင်နိုင်လောက်တဲ့အထိ စွမ်းဆောင်ရည်မြင့်လာမယ်လို့ ဆိုပါတယ်။ Judd ရဲ့အဆိုအရ ပုံတစ်ပုံကို National Geographic မြင်ကွင်းတစ်ခုလိုဖြစ်အောင် AI ကို တောင်းဆိုနိုင်ပြီး အရောင်တွေ၊ အသွင်အပြင်တွေ၊ White-balance နဲ့ အခြားအရာအားလုံးကို တောင်းဆိုထားတဲ့အတိုင်း ဖြစ်လာအောင်ချိန်ညှိပေးနိုင်မှာ ဖြစ်ပါတယ်။

ဒီအဆင့်၊ ဒီနည်းပညာကိုရောက်ဖို့ သုံးနှစ်ကနေ ငါးနှစ်လောက် စောင့်ဆိုင်းရဦးမှာဖြစ်ပြီး ဒါဟာ AI စွမ်းအင်သုံးထားတဲ့ ဓာတ်ပုံရိုက်ကူးမှုလုံးလုံးဖြစ်လာမှာ ဖြစ်ပါတယ်။ စမတ်ဖုန်းတွေအတွက် Snapdragon chipset ရဲ့ လုပ်ဆောင်နိုင်စွမ်းဟာ Canon နဲ့ Nikon တို့မှာ တွေ့မြင်ရတာထက် ပိုပြီးသာလွန်လာမယ်လို့လည်း Judd က ပြောခဲ့ပါသေးတယ်။

အနာဂတ် စမတ်ဖုန်း Chipset တွေဟာ ပိုပြီးအားကောင်းလာမှာဖြစ်သလို AI စွမ်းရည်ကလည်း ပိုပြီး တိုးတက်လာမှာဖြစ်တဲ့အတွက် စမတ်ဖုန်းတစ်လုံးဟာ AI စတုတ္ထအဆင့်ကို အောင်မြင်သွားချိန်မှာ အရေပြား၊ ဆံပင်၊ အစိတ်အပိုင်း၊ နောက်ခံနဲ့ အခြားခြားနားချက်တွေကို နားလည်လာမှာ ဖြစ်ပါတယ်။

Ref: sammobile