Research Firm တစ်ခုဖြစ်တဲ့ Strategy Analytics ကနေ အခုအချိန်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀၂၀ ခုနှစ်အတွက် တကမ္ဘာလုံးဆိုင်ရာ စမတ်ဖုန်းရောင်းအားကို ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ ထုတ်ပြန်ချက်အရ လုံးဝကို အားရစရာမရှိတဲ့ ရောင်းအားကျဆင်းမှုတွေကို တွေ့ရှိခဲ့ရပါတယ်။

ဒါကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀၁၉ ခုနှစ်တုန်းက စမတ်ဖုန်းအလုံးရေ ၉၉.၂ သန်းအထိ တင်ပို့ရောင်းချနိုင်ခဲ့ပေမယ့် အခုနှစ် ဖေဖော်ဝါရီလမှာတော့ ၆၁.၈ သန်းပဲ ရှိနေခဲ့တာဖြစ်ပါတယ်။ ဒါက ၃၈ ရာခိုင်နှုန်း သို့မဟုတ် အလုံးရေ ၃၇ သန်းကျော် ရောင်းအားကျဆင်းသွားခဲ့တာပါ။

အခုလိုမျိုး ရောင်းအားကျဆင်းမှုဟာ စမတ်ဖုန်းစျေးကွက်ရဲ့ နှစ်အလိုက် တစ်ခါမှဖြစ်ပွားဖူးခြင်းမရှိတဲ့ အကြီးမားဆုံးသောရောင်းအားကျဆင်းမှုဖြစ်တယ်လို့ Strategy Analytics ကနေ ဖော်ပြထားပါတယ်။ ဒီလိုမျိုး ရောင်းအားကျဆင်းမှုရဲ့ အဓိကတရားခံကလည်း ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံတွင်းမှာရှိတဲ့ စမတ်ဖုန်းထုတ်လုပ်တဲ့စက်ရုံတွေအကုန်လုံးနီးပါး ရပ်ဆိုင်းခဲ့ရပြီး ဖုန်းအရောင်းဆိုင်းအများအပြားကပါ ပိတ်သိမ်းထားခဲ့တာဖြစ်ပါတယ်။ အခုအချိန်အထိလည်း တရုတ်နိုင်ငံပြင်ပ Apple Store တွေနဲ့ တချို့နိုင်ငံမှာရှိတဲ့ Samsung Store တွေကို ပိတ်ထားသေးတဲ့အတွက် စမတ်ဖုန်းရောင်းအားကျဆင်းမှုက ဆက်လက်ဖြစ်ပွားနေနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် ၂၀၂၀ ခုနှစ်က 5G ကို Support လုပ်တဲ့ဖုန်းတွေဆက်တိုက်ထွက်ရှိနေပြီးတော့ စမတ်ဖုန်းရောင်းအားတွေပိုကောင်းသင့်ပေမယ့် COVID-19 ကြောင့် အခုလိုမျိုး ရောင်းအားကျဆင်းနေတာကတော့ စိတ်မကောင်းစရာပါ။

Ref – GSM Arena