တရုတ်သတင်းအချက်အလက်နဲ့ဆက်သွယ်ရေးနည်းပညာအကယ်ဒမီ (CAICT) ကထုတ်ပြန်တဲ့ အချက်အလက်သစ်တွေအရ နိုင်ငံတွင်းစမတ်ဖုန်းတင်ပို့ရောင်းချမှုဟာ ပြီးခဲ့တဲ့လမှာ ၂၁ သန်းအထိ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီပမာဏဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တင်ပို့ရောင်းချမှုနဲ့ယှဉ်လိုက်ရင် သုံးဆအထိ တိုးတက်လာတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှုဖြစ်ပွားပြီးနောက်ပိုင်း မတ်လရဲ့တင်ပို့ရောင်းချမှုဟာ အားရစရာကောင်းအောင် တိုးတက်လာတယ်ဆိုပေမယ့် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်နဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့ ၂၀ ရာခိုင်နှုန်းအထိ လျော့နည်းနေသေးတာကို တွေ့မြင်ရပါတယ်။

ပြီးခဲ့တဲ့လတုန်းကတော့ Apple ရဲ့ စမတ်ဖုန်းတင်ပို့ရောင်းချမှုဟာ ၂.၅သန်း အထိရှိပြီး ဒါဟာတစ်ရှိန်ထိုးတက်လာတယ်လို့ ဆိုရမှာပါ။ တရုတ်အစိုးရရဲ့ အချက်အလက်တွေအရ ယူနစ်ပေါင်း ၅သိန်းအထိ သိသိသာသာ များလာခဲ့တာဖြစ်ပါတယ်။ ဒါကလည်း တရုတ်နိုင်ငံတွင်းက Apple store တွေ ပြန်ဖွင့်လိုက်တာရဲ့ အကျိုးသက်ရောက်မှုလို့ ဆိုရမှာပါ။

ဒေသတွင်းမှာရှိတဲ့ အွန်လိုင်းနဲ့ မြေပြင်လက်လီအရောင်းဆိုင်တွေအနေနဲ့လည်း ပုံမှန်အတိုင်း လုပ်ငန်းလည်ပတ်နေကြပြီဖြစ်ပြီး တစ်နိုင်ငံလုံးမှာလည်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေနဲ့ ဖြန့်ချိရေ:လုပ်ငန်းတွေ ပြန်လည်လည်ပတ်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံအဝန်း တင်ပို့ရောင်းချမှုတွေက လာမယ့်သုံးလပတ်မှာ ပိုပြီးတိုးတက်ကောင်းမွန်လာဖွယ်ရှိပါတယ်။

Xiaomi ရဲ့ မကြသေးမီကဖော်ပြခဲ့တဲ့ ဝင်ငွေအစီရင်ခံစာမှာလည်း ကုမ္ပဏီရဲ့ စမတ်ဖုန်းရောင်းအားဟာ ၈၀ရာခိုင်နှုန်းအထိ ပြန်လည်တိုးတက်လာတာကို တွေ့ရပါတယ်။ Xiaomi ရဲ့ CFO ကည်း လာမယ့်လတွေမှာ တိုးတက်မှုတွေကိုဆက်ပြီးမြင်တွေ့ရဖို့ မျှော်လင့်ထားကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း စီးပွားရေးနှေးကွေးသွားတဲ့နောက်ဆက်တွဲအဖြစ် သုံးစွဲသူတွေရဲ့ ငွေပေးချေမှုအလေ့အထအရ ဘယ်လိုတုံ့ပြန်မလဲဆိုတာကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref: GSM Arena