Qualcomm ဟာ မကြာသေးခင်ကပဲ သူ့ရဲ့ Flagship processor ဖြစ်တဲ့ Snapdragon 8 Gen 2 ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ အခုအချိန်မှာတော့ OEMs တွေဟာ ဒီ CPU အသစ်ကို သူတို့ရဲ့ ထုတ်ကုန်တွေမှာ အသုံးပြုဖို့ တန်းစီနေကြပြီ ဖြစ်ပါတယ်။

Snapdragon 8 Gen 2 ဟာ 4nm process နဲ့ တည်ဆောက်ထားတာဖြစ်ပြီး အရင်မျိုးဆက်နဲ့ မတူညီတဲ့ Core configuration နဲ့ ဖြစ်ပါတယ်။ Kryo CPU မှာ 3.2 GHz Clocked ARM Cortex-X3 prime core တစ်ခု ပါရှိပါတယ်။ ကျန်တဲ့ Performance cores ၄ ခုကတော့ 2.8GHz ဖြစ်ပြီး Efficiency cores သုံးခုကတော့ 2.0GHz ဖြစ်ပါတယ်။ မျိုးဆက်ဟောင်းနဲ့ယှဉ်ရင် 35% ပိုမြန်ပြီး ပါဝါသုံးစွဲမှု 40% ပိုကောင်းပါတယ်။ နောက်ဆုံးပေါ် Adreno GPU ကလည်း 25% performance ပိုကောင်းသလို 45% power efficient ပိုလာပါတယ်။

Qualcomm Snapdragon 8 Gen 2 ကို ဘယ်စမတ်ဖုန်းတွေမှာ သုံးမလဲဆိုတဲ့မေးခွန်းအတွက် လက်တလော အတည်ပြုပြီးသား အမှတ်တံဆိပ်နဲ့ စီးရီးအချို့ကို ပြန်လည်ဖော်ပြလိုက်ပါတယ်။

Xiaomi 13 series
Xiaomi ဟာ Qualcomm Snapdragon 8 Gen 2 ကို အသုံးပြုတဲ့ ပထမဆုံးစမတ်ဖုန်းတွေထဲက တစ်ခုဖြစ်မယ်လို့ Weibo မှာ မကြာသေးခင်ကပဲ ဖော်ပြသွားပါတယ်။ ဒီနှစ်ကုန်မှာပဲ သူ့ရဲ့ Flagship တွေကို မိတ်ဆက်လေ့ရှိတာကြောင့် မကြာခင်မှာပဲ Qualcomm Snapdragon 8 Gen 2 နဲ့ Xiaomi ရဲ့ ဖုန်းကို မြင်တွေ့လာရဖွယ် ရှိပါတယ်။

Samsung Galaxy S23 series
Samsung ဟာ အစဉ်အလာအားဖြင့် မြောက်အမေရိကဈေးကွက်တွေမှာပဲ Qualcomm-powered devices တွေကို တင်ပို့ရောင်းချလေ့ရှိပါတယ်။ ကျန်ဈေးကွက်တွေကတော့ ကုမ္ပဏီရဲ့ ကိုယ်ပိုင် Exynos processor သုံးထားတဲ့ ဖုန်းတွေကိုပဲ တင်ပို့ရောင်းချပါတယ်။ ဒါပေမဲ့ Galaxy S23, S23 Ultra တို့ကတော့ Qualcomm Snapdragon 8 Gen 2 နဲ့ ထွက်လာမှာ ဖြစ်ပါတယ်။

OnePlus 11 series
OnePlus ဟာ ဈေးနှုန်းနဲ့ပတ်သက်ရင် ဝေဖန်ခံခဲ့ရပေမဲ့လည်း စွမ်းဆောင်ရည်ပိုင်းမှာတော့ ကောင်းမွန်ပြီးအောင်မြင်နေဆဲလို့ ဆိုနိုင်ပါတယ်။ OnePlus ဟာ Qualcomm နဲ့ အချိန်အတော်ကြာ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး 11 series မှာလည်း နောက်ဆုံးပေါ် Processor ကို အသုံးပြုဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။


OPPO Find X series
OPPO ဟာ ဘယ်စမတ်ဖုန်းအမျိုးအစားမှာ Qualcomm Snapdragon 8 Gen 2 ကို အသုံးပြုမယ်လို့ အတိအလင်း ကြေညာထားခြင်းမရှိပေမဲ့ Find X5 Pro ရဲ့ နောက်ဆက်တွဲအနေနဲ့ နောက်ဆုံးထွက် Processor ကို မြင်တွေ့ရဖွယ် ရှိပါတယ်။ ဒါပေမဲ့ ကုမ္ပဏီဟာ ဘယ်အချိန်ထုတ်လုပ်ရောင်းချမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Red Magic 8 Pro
ဂိမ်းမင်းဖုန်းထုတ်လုပ်သူတွေနဲ့ Qualcomm ကြားပူးပေါင်းဆောင်ရွက်မှုဟာ အချိန်အတော်ကြာခဲ့ပါပြီ။ ဂိမ်းမင်းဖုန်းထုတ်လုပ်သူတွေထဲက တစ်ခုဖြစ်တဲ့ Red Magic က လာမဲ့ Red Magic 8 Pro မှာ Qualcomm Snapdragon 8 Gen 2 ကို အသုံးပြုသွားမယ်လို့ သိရပါတယ်။

Motorola X40 series
Motorola ဟာ မကြာသေးခင်နှစ်တွေအတွင်းက ကြီးထွားလာနေတဲ့ X-series လိုင်းမှာ အထင်ကြီးလောက်တဲ့ Device အများအပြားကို ထည့်သွင်းထားပါတယ်။ နောက်ဆုံးထွက်ရှိလာမဲ့ Moto X40 ဟာ Qualcomm Snapdragon 8 Gen 2 အသုံးပြုထားတဲ့ ကုမ္ပဏီရဲ့ ပထမဆုံးစမတ်ဖုန်း ဖြစ်လာပါလိမ့်မယ်။

iQOO 11 series
နိုင်ငံတကာဈေးကွက်မှာ iQOO စမတ်ဖုန်းတွေကို ရောင်းချမှုနည်းပါးပြီး ဈေးကွက်မကျယ်ပျံ့ပေမဲ့လည်း ကုမ္ပဏီဟာ လာမဲ့ iQOO 11 မှာ Qualcomm Snapdragon 8 Gen 2 အသုံးပြုလာမှာဖြစ်ကြောင်း Weibo မှာ အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။

ဒါ့အပြင် Honor, ZTE, Meizu, Vivo, Sony, Redmi, ROG, SHARP နဲ့ ASUS တို့လိုကုမ္ပဏီတွေကလည်း Qualcomm Snapdragon 8 Gen 2 နဲ့ တခြား Processor တွေကို အသုံးပြုမဲ့ မိတ်ဖက်တွေထဲ ပါဝင်မယ်လို့ သိရပါတယ်။

Ref: GIZMOCHINA