Qualcomm ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်တုန်းက အနိမ့်ဆုံး 5G ပါဝင်တဲ့ Chipset အနေနဲ့ Snapdragon 690 ကိုပဲ မိတ်ဆက်ထားခဲ့တာဖြစ်ပါတယ်။ အဆိုပါ Snapdragon 690 Chipset ဟာ လက်ရှိ OnePlus Nord N10 5G လိုမျိုး ဖုန်းတွေမှာပဲ သုံးစွဲခဲ့တာဖြစ်ပြီး ကျန်တဲ့ 5G Mid Range ဖုန်းအများစုကတော့ Snapdragon 700 Series ကိုပဲ အသုံးပြုခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Qualcomm ကနေ စျေးပိုသက်သာတဲ့ 5G Mid Range Chipset အသစ်တစ်ခုကို ထပ်မံမိတ်ဆက်လိုက်ပါပြီ။ ဒါကတော့ Snapdragon 400 Series Chipset တစ်ခုအနေနဲ့ Snapdragon 480 Chipset ကို 5G Modem ထည့်သွင်းပြီး မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

Snapdragon 480 Chipset ဟာ 8nm Architecture ကို အခြေခံထားမှာဖြစ်ပြီး 5G Modem အနေနဲ့ Qualcomm Snapdragon X51 5G Modem-RF System ကို ထည့်သွင်းထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် mmWave နဲ့ Sub-6 GHz 5G Network ၂ မျိုးစလုံးမှာ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

Specification တွေအနေနဲ့ကတော့ Cortex-A76 Core တွေကို အခြေခံထားတဲ့ Kryo 460 Performance Core တွေကို 2.0GHz Speed နဲ့ မောင်းနှင်မှာဖြစ်ပြီး Power Efficient Core တွေဖြစ်တဲ့ 1.8GHz Cortex-A55 Core တွေလည်း ပါဝင်မှာဖြစ်ပါတယ်။ GPU ကိုလည်း Adreno 619 GPU ကို ပြောင်းလဲအသုံးပြုထားတယ်လို့ သိရပါတယ်။ Qualcomm ကတော့ ယခု Snapdragon 480 Chipset ဟာ ပြီးခဲ့တဲ့ Snapdragon 460 Chipset ထက် CPU ရော GPU ပိုင်းမှာပါ စွမ်းဆောင်ရည် ၂ ဆပိုကောင်းမှာဖြစ်တယ်လို့ ပြောကြားထားပါတယ်။

ဒါတင်မဟုတ်သေးဘဲ Full HD+ 120Hz Refresh Display တွေကို ထောက်ပံ့ပေးနိုင်သလို 64MP Camera Sensor ၊ Full HD 60fps Recording ၊ Wi-Fi 6 ၊ Bluetooth 5.1 လိုမျိုး Feature တွေကိုလည်း ထောက်ပံ့ပေးသွားဦးမှာပါ။

ဘာပဲဖြစ်ဖြစ် Snapdragon 480 5G Chipset ဟာ ၂၀၂၁ မှာ ထွက်ရှိလာမယ့် Mid Range နဲ့ Budget ဖုန်းတွေအတွက်ကတော့ သတင်းကောင်းတစ်ခုလို့ ပြောရမှာဖြစ်ပါတယ်။

Ref – GSM Arena