Flagship အဆင့် ချစ်ပ်ဆက် Snapdragon 865 အတွက် Plus ဗားရှင်းသတင်းကို ဖေဖော်ဝါရီလောက်ကတည်းက စကြားခဲ့ရတာပါ။ ဒါပေမယ့် ဧပြီလတုန်းက Meizu အကြီးအကဲမှ အခုနှစ်အတွင်း SD865+ ဗားရှင်းထွက်မှာမဟုတ်ဘူးလို့ ပြောခဲ့တာကြောင့် အသံတွေပြန်တိတ်သွားခဲ့ပါတယ်။

မကြာသေးခင်က Lenovo Legion Gaming ဖုန်းဟာ SD865+ အသုံးပြုလာမယ်ဆိုတဲ့သတင်း ရုတ်တရက် ထွက်လာခဲ့တာကြောင့် ဒီအသံတွေ ပြန်လည်ဆူညံလာခဲ့ပြီး ယနေ့မှာတော့ SD865+ ရဲ့ AnTuTu Benchmark ရလဒ်လို့ ဆိုထားတဲ့ အချက်အလက်တွေကို တွေ့လာရပါတယ်။

ဒီအချက်အလက်တွေကိုတော့ Weibo ပလက်ဖောင်းမှာ တင်လာခဲ့တာဖြစ်ပြီး Qualcomm ရဲ့မျိုးဆက်သစ် Flagship ချစ်ပ်ဟာ AnTuTu ရမှတ် 667,253 ထိတောင် ရရှိထားတာပါ။ ဒါဟာ လက်ရှိ SD865 အသုံးပြုထားတဲ့ OPPO Find X2 Pro ရဲ့ 604,123 စံချိန်တင်ရမှတ်ထက် အပြတ်အသတ် သာလွန်နေပါတယ်။

SD865+ ချစ်ပ်ဆက်ဟာ အဓိက Prime Core မှာ 3.1GHz နှုန်းရှိပြီး ကျန်တဲ့ Performance Core သုံးခုက 2.4GHz နဲ့ စွမ်းအင်ချွေတာ Core လေးခုက 1.8GHz ဖြစ်တယ်လို့လည်း သတင်းထွက်လာပါတယ်။ SD865 နဲ့ယှဉ်ရင် Prime Core ရဲ့ Clockspeed ကသာ ကွဲပြားနေမှာဖြစ်ပါတယ်။

ဖေဖော်ဝါရီတုန်းက သတင်းကိုပြန်လိုက်ရရင် SD865+ ဟာ ၂၀၂၀ ခုနှစ် တတိယသုံးလပတ် (Q3) ကာလမှာ မိတ်ဆက်လာမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ၂၀၂၀ ဒုတိယနှစ်ဝက်မှာ Lenovo Legion စမတ်ဖုန်းအပြင် အခြား SD865+ အသုံးပြု စမတ်ဖုန်းတွေကို ထပ်တွေ့ရဦးမှာပါ။

Ref – GizmoChina