Google ဟာ Android 11 OS ကို တရားဝင်မိတ်ဆက်ထားခဲ့တာ အခုဆိုရင် လပိုင်းခန့်ကြာမြင့်နေပြီဖြစ်ပါတယ်။ တခြားသော စမတ်ဖုန်းထုတ်လုပ်သူတွေကလည်း Stable Android 11 OS တွေကို Update ပြုလုပ်နေကြပြီဖြစ်ပေမယ့် တချို့သော စမတ်ဖုန်းထုတ်လုပ်သူတွေကတော့ အခုထိ Android 11 Update အကြောင်းကို တရားဝင်ပြောကြားခြင်းမရှိသေးပါဘူး။

Sony ဟာလည်း ယခုနှစ်အတွင်းမှာ Xperia 1 II , Xperia 5 II နာမည်နဲ့ Flagship စမတ်ဖုန်းတွေကို မိတ်ဆက်ထားပေမယ့် လက်ရှိအချိန်အထိ Android 10 ကိုပဲ အသုံးပြုနေတာဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ Android 11 Update ကို ဘယ် Xperia ဖုန်းတွေအနေနဲ့ ဘယ်အချိန်မှာ ရရှိမလဲဆိုတာကို တရားဝင်ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပါတယ်။

Sony ရဲ့ ထုတ်ပြန်ချက်အရတော့ ယခုနှစ်အတွင်းမှာ Android 11 Update ကို ရရှိမယ့် တစ်ခုတည်းသောစမတ်ဖုန်းကတော့ Xperia 1 II ဖြစ်တယ်လို့ သိရပါတယ်။ ယခုနှစ်မကုန်ခင်ရရှိမယ်လို့ ပြောကြားခဲ့တဲ့အတွက် ဒီလကုန်ပိုင်းမှာ ရရှိလာဖွယ်ရှိနေပါတယ်။

ကျန်တဲ့စမတ်ဖုန်းတွေအနေနဲ့ကတော့ Xperia 5 II နဲ့ Xperia 10 II စမတ်ဖုန်းတွေဟာ လာမယ့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလကုန်မှ Android 11 Update ကို ရရှိမှာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ဖေဖော်ဝါရီလအတွင်းမှာ Xperia 1 နဲ့ Xperia 10 စမတ်ဖုန်းတွေအနေနဲ့ Android 11 ကို Update ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Sony ရဲ့ ယခုပြောကြားသွားတဲ့ စမတ်ဖုန်းတွေကလွဲပြီး ကျန်တဲ့ Xperia စမတ်ဖုန်းတွေအနေနဲ့ကတော့ Android 11 Update ကို ရရှိတော့မှာမဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် Samsung လိုမျိုး ကုမ္ပဏီတောင်မှ Android OS Update ကို ၃ နှစ်အထိရရှိအောင်ဆောင်ရွက်နေပြီဖြစ်တဲ့အတွက် Sony အနေနဲ့ Android Update ပိုင်းကို ပိုပြီး အာရုံစိုက်သင့်နေပြီဖြစ်ပါတယ်။

Ref – Gizmo China