ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်တုန်းက စတင်ဖြစ်ပွားခဲ့တဲ့ COVID-19 Pandemic ဟာ လက်ရှိအချိန်အထိ နည်းပညာကုမ္ပဏီကြီးတွေအတွက် ထုတ်လုပ်မှုပိုင်းမှာ အခက်အခဲတွေ ကြုံတွေ့နေရတုန်းဖြစ်ပါတယ်။ အဓိကအနေနဲ့ Chip Shortage ပြဿနာဟာ Apple ၊ Samsung လိုမျိုး စမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေကစတင်ပြီး Electronic ပစ္စည်းထုတ်လုပ်တဲ့ကုမ္ပဏီတွေ၊ ကားထုတ်လုပ်တဲ့ကုမ္ပဏီတွေအထိ ရောက်ရှိနေတာဖြစ်ပါတယ်။

အခုလည်း ဂျပန်နိုင်ငံအခြေစိုက် နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Sony ကလည်း အခုလိုမျိုး ထုတ်လုပ်မှုပိုင်း အခက်အခဲတွေကြောင့် PlayStation 5 ထုတ်လုပ်မှုကို လျော့ချလိုက်ရပြီဖြစ်ပါတယ်။ PlayStation 5 ဂိမ်းစက်ဟာ မိတ်ဆက်တဲ့အချိန်ထဲက ဝယ်လိုအားမြင့်မားတာကြောင့် စျေးကွက်ထဲမှာ ဝယ်ယူဖို့ခက်ခဲနေတာဖြစ်ပြီး အခုသတင်းကြောင့် ပိုပြီး ရှားပါးလာတော့မှာဖြစ်ပါတယ်။

Sony ဟာ အခုလိုမျိုး PlayStation 5 ထုတ်လုပ်မှုကို လျော့ချလိုက်ရတာက လိုအပ်တဲ့အစိတ်အပိုင်းတွေထုတ်လုပ်မှုနဲ့ သယ်ယူပို့ဆောင်ရေးပိုင်းဆိုင်ရာ အခက်အခဲတွေကြောင့်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အဲ့ဒီအတွက် အစောပိုင်းတုန်းက ယခုနှစ်အတွင်းမှာ PlayStation 5 အလုံးရေ ၁၆ သန်းထုတ်လုပ်ဖို့ ခန့်မှန်းထားတာကနေ အခုအချိန်မှာ အလုံးရေ ၁၅ သန်းပဲ ထုတ်လုပ်နိုင်တော့မှာဖြစ်ပါတယ်။ ဒါက Sony ကနေ ခန့်မှန်းထားတဲ့ ရောင်းချဖို့ပမာဏဖြစ်တဲ့ အလုံးရေ ၁၄.၈ သန်းကို ပြည့်မှီမယ်လို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး ထုတ်လုပ်မှုပိုင်းမှာ ရင်ဆိုင်နေရတဲ့အခက်အခဲတွေဟာ လာမယ့် ၂၀၂၂ ခုနှစ်အထိလည်း ဆက်လက်ဖြစ်ပွားနေဦးမယ်လို့ ယူဆရပါတယ်။ အဲ့ဒီအတွက် Sony ကနေ လာမယ့်နှစ်မှာ ခန့်မှန်းထားတဲ့ PlayStation 5 အလုံးရေ ၂၂.၆ သန်းအထိ ထုတ်လုပ်ဖို့ကလည်း ပြည့်မှီဖို့ ခက်ခဲနေဦးမှာဖြစ်ပါတယ်။

Ref – GSM Arena