ဂိမ်မာတွေ မျှော်လင့်စောင့်စားနေကြတဲ့ PlayStation 5 မျိုးဆက်သစ်ဂိမ်းစက်ကို အများရှေ့မှောက်ချပြဖို့ Sony ကုမ္ပဏီက ဇွန်လ ၄ ရက်နေ့ကို ရွေးချယ်ထားခဲ့ပေမယ့် အခုတော့ အမေရိကန်နိုင်ငံမှာ တောက်လောင်နေတဲ့ George Floyd ဆန္ဒပြပွဲတွေကြောင့် မူလသတ်မှတ်ထားတဲ့အတိုင်း ကျင်းပနိုင်တော့မှာမဟုတ်ပါဘူး။

PS5 မိတ်ဆက်ပွဲကို ကိုဗစ်ရောဂါဘေးကြောင့် အွန်လိုင်းကနေသာ ကျင်းပမှာဖြစ်ပေမယ့် Sony က အခုချိန်ဟာ ပျော်ပွဲရွှင်ပွဲတွေနဲ့ ဂုဏ်ယူရမယ့်အချိန်မဟုတ်သေးဘဲ ပိုအရေးကြီးတဲ့ အသံတွေကို ကြားသိနိုင်ကြဖို့ လိုကြောင်း ပြောကြားခဲ့ပါတယ်။

ဇွန်လ ၄ ရက်နေ့မှာ PlayStation 5 နဲ့ ကစားရမယ့်ဂိမ်းတွေရဲ့ First Look ကို သေသေချာချာမြင်တွေ့ရဖို့ အားလုံးက စိတ်စောနေခဲ့ပေမယ့်လည်း ၂၀၂၀ နှစ်ကုန်ပိုင်း အားလပ်ရက်ရာသီမှရောင်းချမယ့်စက်အတွက် အချိန်တွေ အများကြီးကျန်သေးတယ်လို့ပဲ ဖြေသိမ့်ရမှာပါ။

Sony ဟာ PlayStation 5 ကို ထုတ်မပြသေးပေမယ့် သူ့ရဲ့အချက်အလက်တွေနဲ့ Feature တွေကိုတော့ မတ်လထဲက ပြိုင်ဘက် Xbox အသစ်နဲ့အတူ ဖော်ပြခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ခုနှစ် မေလ ၂၅ ရက်နေ့မှာ ရဲအရာရှိတစ်ဦးကြောင့် သေဆုံးခဲ့ရတဲ့ George Floyd နဲ့ အလားတူ မတရားမှုများအတွက် ဆန္ဒပြတာကြောင့် ထုတ်ကုန်ပြပွဲကို ရွှေ့ဆိုင်းခဲ့တာ Sony တစ်ဦးတည်းတော့မဟုတ်ဘဲ Electronic Arts (EA) ဂိမ်းကုမ္ပဏီကလည်း သူတို့ရဲ့ Madden NFL 21 ဗီဒီယိုဂိမ်းသစ်ထွက်ရက်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။

အခြားနည်းပညာကုမ္ပဏီတွေကလည်း အသီးသီး သဘောထားထုတ်ပြန်ခဲ့သလို YouTube နဲ့ Facebook တို့က လူမျိုးရေးခွဲခြားမှုကို ရပ်တန့်စေဖို့အတွက် ရန်ပုံငွေ ဒေါ်လာတစ်သန်းနဲ့ ဆယ်သန်း အသီးသီး လှူဒါန်းခဲ့ကြပါတယ်။ ၂၀၂၀ ကတော့ နည်းပညာကုမ္ပဏီတွေအတွက် ကံကောင်းတဲ့နှစ်တစ်ခု မဟုတ်တာ အသေအချာပါပဲ။

Ref – GSMArena