၂၀၂၀ အားလပ်ရက်ရာသီမှာ အသေအကြေချကြမယ့် Console မျိုးဆက်သစ်တိုက်ပွဲကတော့ စတင်အရှိန်ယူနေပါပြီ။ Sony ဟာ သူတို့ရဲ့ PlayStation 5 (PS5) ဂိမ်းစက်ရဲ့ Specs တွေကို Microsoft Xbox အသစ်နဲ့ အပြိုင် ထုတ်ပြခဲ့ပြီး အခုလည်း PS5 မှာတွေ့ရမယ့် ဂိမ်းလက်ကိုင်အသစ်ကို ထုတ်ပြလာခဲ့ပါတယ်။

DualSense လို့အမည်ပေးထားတဲ့ ပလေးစတေရှင်ဂိမ်းလက်ကိုင်အသစ်ဟာ ယခင်မျိုးဆက် DualShock ဂိမ်းလက်ကိုင်တွေနဲ့ အတော်လေးကွာခြားနေတာကို မြင်ရမှာဖြစ်ပါတယ်။ ကာလရှည်ကြာမြင်တွေ့ခဲ့ကြရတဲ့ အနက်ရောင် DualShock အစား တောက်ပတဲ့အဖြူရောင်ဦးဆောင်လာတဲ့ ဂိမ်းလက်ကိုင်ဟာ ခလုတ်တွေနေရာချထားတဲ့နေရာမှာတော့ ယခင်မျိုးဆက်နဲ့ ခွဲမထွက်သေးတာကို ဝမ်းသာစရာတွေ့ရပါတယ်။

DualSense လက်ကိုင်ဟာ ပိုထူပိုကြီးတယ်လို့ မြင်ရပေမယ့် Sony ကတော့ လက်ထဲမှာ သက်တောင့်သက်သာ ရှိစေဖို့ ဒီဇိုင်းဆွဲထားပြီး တကယ်သုံးစွဲတဲ့အခါမှာ မြင်တာထက် ပိုသေးတယ်လို့ ခံစားစေရမယ်လို့ ဆိုထားပါတယ်။ အရင်မျိုးဆက်တွေနဲ့ ခလုတ်နေရာချပုံမကွာဘူးဆိုပေမယ့် အပြင်ပန်းဒီဇိုင်းကတော့ ပြောင်းလဲမှုကို သိသိသာသာ ခံစားရအောင် ဒီဇိုင်းဆွဲထားပါတယ်။

ကိုယ်ကစားနေတဲ့ ဂိမ်းကို Screenshot ရိုက်ပြီး ဆိုရှယ်နက်ဝပ်ပေါ် တိုက်ရိုက်တင်ပေးတဲ့ “Share” ခလုတ်အစား “Create” လို့ အမည်ပေးထားတဲ့ ခလုတ်သစ်ကို အစားထိုးလာကာ Content တွေ ဖန်တီးဝေမျှဖို့ ပိုလွယ်ကူစေမယ်လို့ ကတိပေးထားတယ်။

DualSense ရဲ့ Feature အသစ်တွေထဲမှာ Built-in ထည့်သွင်းထားတဲ့ Microphone Array ကြောင့် နားကြပ်တစ်ကားကားနဲ့ ဆော့နေစရာမလိုဘဲ Voice Chat တန်းသုံးနိုင်မှာလည်း ဖြစ်ပါတယ်။ ပလေးစတေရှင်ဂိမ်းစက် တွေဟာ ရုပ်သံစက်နဲ့တွဲသုံးကြတာကြောင့် Headset တွေကို ဂိမ်းထဲမှာ စကားပြောဖို့လောက်ပဲ အဓိကသုံးကြရတာပါ။ ဒါပေမယ့် သူ့ရဲ့လုပ်ဆောင်ချက်က တကယ်အသုံးဝင်ရဲ့လားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

အစောကြီးထဲက ကြေညာထားသလိုပဲ Sony ဟာ ဂိမ်းလက်ကိုင်တွေကို Game Control တစ်ခုတည်းအတွက်သာ မကဘဲ ဂိမ်းထဲကအတိုင်း လိုက်လံခံစားစေနိုင်ဖို့ အာရုံခံတစ်ခုအဖြစ်ပါ ထည့်သွင်းချင်တာပါ။ ဒါ့ကြောင့် DualSense လက်ကိုင်မှာ ပိုပြီးထိရောက်တဲ့ Haptic Feedback စနစ်ပါဝင်လာမှာပါ။ လက်ညှိုးခလုတ်လို့ခေါ်တဲ့ L2, R2 ခလုတ်တွေဟာလည်း ဂိမ်းထဲမှာ ကြုံတွေ့နေရတဲ့အဖြစ်အပျက်ကိုလိုက်ပြီး တုံ့ပြန်မှုကွာခြားလာမှာဖြစ်ပါတယ်။

ပလေးစတေရှင်ဂိမ်းစက်စီးရီးရဲ့ ဂိမ်းလက်ကိုင်တွေဟာ မော်ဒန်ဂိမ်းလောကမှာ ထင်ရှားတဲ့ဦးဆောင်သူတွေဖြစ်ပြီး ဂိမ်းစက်အသစ်ထုတ်တိုင်းလည်း ဒီလက်ကိုင်တွေကို ပိုကောင်းအောင် အမြဲကြံဆလာကြပါတယ်။ ၂၀၂၀ နှစ်ကုန်ပိုင်းမှာ Microsoft နဲ့ Sony တို့ရဲ့ မျိုးဆက်သစ် Console ဂိမ်းစက်ပြိုင်ပွဲဟာ အရင်ကထက်ပိုပြီး ယှဉ်ပြိုင်မှုပြင်းထန်နေတယ်လို့ ပြောရင် မှားမယ်မထင်ပါဘူး။

Ref – GSM Arena