Sony Xperia ဖုန်းတွေဆိုရင် မျက်နှာပြင် ရှည်မျောမျောနဲ့ ခပ်ကြီးကြီးပုံစံတွေကို မြင်ယောင်မိကြမယ်ထင်ပါတယ်။ Xperia 5 Plus နဲ့ပတ်သက်တဲ့ ကောလာဟလတွေထွက်ခဲ့ပေမယ့် အခုတော့ တစ်ခန်းရပ်သွားပြီလို့ ဆိုရမှာပါ။ အခုထွက်လာတဲ့သတင်းက ဆန့်ကျင်ဘက်လို့ဆိုရမယ့် Sub-6-inch မျက်နှာပြင်နဲ့ Xperia 5 II ဖြစ်ပါတယ်။

Sony Xperia 5 II ကို ဒီ ၂၀၂၀ ရဲ့ ဒုတိယနှစ်ဝက်မှာ ထုတ်လုပ်မယ်လို့ အတွင်းသတင်းတွေထွက်လာပါတယ်။ ဒီဟန်းဆက်ဟာ 5.6-5.8-inch မျက်နှာပြင်ရှိတယ်လို့ ဆိုပါတယ်။ Xperia 5 ရဲ့ 6.1-inch နဲ့ယှဉ်ရင် သိသိသာသာ သေးသွားမှာပါ။ ဒါ့အပြင် 5G ကွန်ရက်နဲ့လည်း ချိတ်ဆက်အသုံးပြုနိုင်မယ်လို့သိရပါတယ်။

Sony Xperia 5 II ဟာ ကုမ္ပဏီရဲ့ ပထမဆုံး 5G ဖုန်းတော့ ဖြစ်မလာပါဘူး။ အကြောင်းကတော့ Xperia 1 II ကြောင့် ဖြစ်ပါတယ်။ နောက်ပြီးတော့ Xperia Pro လည်း ရှိပါသေးတယ်။ ဒါပေမယ့် များပြားတဲ့စားသုံးသူတွေကို ပစ်မှတ်ထားဖို့ အနည်းငယ် ခက်ခဲမယ်လို့ ယူဆရပါတယ်။

အခုသတင်းထွက်ထားတဲ့ အတိုင်းအတာအရဆိုရင် Xperia 5 II ဟာ Xperia 1 II နဲ့ 10 II ကြားမှာရှိပြီး ပရီမီယံ Flagship ထက်လည်း သေးငယ်ပါလိမ့်မယ်။ mmWave ပါဝင်တယ်လို့ ဆိုထားတာကြောင့် အင်တင်နာအပိုတွေလိုအပ်မှာဖြစ်ပြီး သေးငယ်တဲ့ကိုယ်ထည်နဲ့ မကိုက်ညီဘူးလို့တော့ ယေဘုယျအားဖြင့် မှတ်ချက်ချရမှာပါ။ ဘာပဲဖြစ်ဖြစ် ပုံစံက ထူးရင်ထူး၊ မထူးရင် ရူး ဆိုတဲ့ Sony ရဲ့ ဒီဇိုင်းတွေအတိုင်း ပုံမှန်နဲ့နည်းနည်းကွဲထွက်နေတာမျိုးတော့ မြင်လာရမယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena