Elon Musk ရဲ့ SpaceX က အာကာသသို့ ပထမဆုံး ခရီးသည်တွေကို ပို့ဆောင်ပေးတော့မှာပါ။ ကုမ္ပဏီက အစောဆုံးအနေနဲ့ ၂၀၂၁ ခုနှစ်မှာ အာကာသ ခရီးစဉ်ကို ပြုလုပ်ပေးမှာ ဖြစ်ပြီး ၅ ရက်ကြာမြင့်မှာ ဖြစ်ပါတယ်။ ခရီးစရိတ်က အရမ်းကို မြောက်မှာ သေချာပါတယ်။

၂၀၀၁ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အတွင်းမှာ လူချမ်းသာတွေကို ကမ္ဘာပတ်လမ်းကြောင်းထဲ ပို့ဆောင်ပေးခဲ့တဲ့ Space Adventures Company က ဒီခရီးစဉ်ကို စီစဉ်ပေးတာ ဖြစ်ပါတယ်။ SpaceX ရဲ့ အာကာသ ခရီးစဉ်ဟာ လူ ၁ ယောက်အတွက် ဘယ်လောက် ကုန်ကျမလဲဆိုတာ မသိရသေးပေမယ့် Cirque du Soleil တည်ထောင်သူ Guy Laliberte အာကာသကို သွားတုန်းက  ဒေါ်လာ သန်း ၃၀ လောက် ကုန်ပါတယ်။ SpaceX ဟာ ခရီးသည်တွေကို အာကာသသို့ ဒေါ်လာ ၅၂ သန်းနဲ့ ပို့ဆောင်ပေးဖို့ Bigelow Aerospace နဲ့ အရင်က သဘောတူထားခဲ့ပါတယ်။ ဒါပေမယ့် Bigelow Aerospace က နောက်ပိုင်းမှာ သဘောတူညီမှုကို ဖျက်သိမ်းခဲ့ပါတယ်။

Space Adventures က ပထမဆုံး အာကာသ ခရီးစဉ်ဟာ ၂၀၂၁ ခုနှစ်နှောင်းပိုင်းနဲ့ ၂၀၂၂ ခုနှစ်လယ်လောက်မှာ ဖြစ်မယ်လို့ မျှော်လင့်ထားပါတယ်။ ခရီးသည်တွေဟာ ရက်သတ္တပတ် အနည်းငယ်လောက် လေ့ကျင့်သင်ကြားရမှာ ဖြစ်ပြီး Crew Dragon Capsule နဲ့ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ အဲဒီ အာကာသယာဉ်ဟာ လာမယ့်လအနည်းငယ်အတွင်းမှာ လူပါတဲ့ ပထမဆုံး အာကာသ ခရီးစဉ်ကို ပျံသန်းမှာပါ။ နိုင်ငံတကာ အာကာသစခန်းသို့ အာကာသယာဉ်မှူးတွေကို ပို့ဆောင်ပေးဖို့ အဲဒီ အာကာသယာဉ်ကို တည်ဆောက်ထားတာ ဖြစ်ပြီး ဧပြီလနဲ့ ဇွန်လကြားမှာ နာဆာ အာကာသယာဉ်မှူးတွေကို ပထမဆုံး အကြိမ် ပို့ဆောင်ပေးမှာပါ။

Ref : tnw