Stellantis ဟာ ဥရောပရဲ့ EV ရောင်းချမှုမှာ ဒုတိယအကောင်းဆုံး Performance ကို ရရှိကြောင်း ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်မှာထုတ်ပြန်ခဲ့တဲ့ ကိန်းဂဏန်းတွေက ဖော်ပြထားပါတယ်။ ဒီအချက်အလက်တွေကို Automotive News Europe ကကိုးကားဖော်ပြခဲ့တာ ဖြစ်ပါတယ်။

Volkswagen က အစီးရေ ၁၁၆,၀၀၀ ကို ရောင်းချပြီးတဲ့နောက်မှာ ၂၀၂၂ ပထမနှစ်ဝက်အတွက် Stellantis နဲ့ Tesla တို့က နောက်ကနေကပ်လိုက်ခဲ့ပါတယ်။ ကုမ္ပဏီဟာ Fiat New 500 ရဲ့ ကောင်းမွန်တဲ့ရောင်းအားအရှိန်အဟုန်ကြောင့် အနောက်ဥရောပမှာ လျင်လျင်မြန်မြန်ပဲ ရှေ့ကိုရောက်လာပါတယ်။

Stellantis ဟာ PSA Group နဲ့ Fiat Chrysler Automobiles တို့ရဲ့ ပေါင်းစပ်မှုကနေ မွေးဖွားလာခဲ့ပြီး သူ့ရဲ့ရည်မှန်းချက်က ဥရောပရဲ့ အရောင်းရဆုံး EV အမှတ်တံဆိပ်ဖြစ်လာစေဖို့လို့ ဆိုပါတယ်။ လက်ရှိမှာတော့ Tesla ရဲ့ Model Y က ၂၀၂၂ခုနှစ် ပထမနှစ်ဝက်အတွက် ဥရောပမှာ Individual Sales အများဆုံးအရေအတွက်အဖြစ် ၄၀,၀၀၀ units အထိ ရောင်းချထားရပါတယ်။

ဒါပေမဲ့ ၂၀၂၂ခုနှစ် ပထမနှစ်ဝက်မှာ Tesla က ကားအစီးရေ စုစုပေါင်း ၇၈,၀၀၀ ပဲ ရောင်းချနိုင်ခဲ့တာဖြစ်ပြီး Stellantis ကတော့ ၁၀၅,၀၀၀ အထိ ရောင်းချနိုင်ခဲ့တာပါ။ Tesla ဟာ ဥရောပဈေးကွက်မှာ ရောင်းချရမှုပမာဏ ကျဆင်းလာတယ်ဆိုပေမဲ့ Individual Sales မှာတော့ ခိုင်မာနေတုန်းပါပဲ။ Tesla ရဲ့ Model Y အပြင် Model 3 ရဲ့ ရောင်းအားကလည်း အဆိုပါကာလအတွင်း အစီးရေ ၃၈,၀၀၀ အထိ ရောင်းခဲ့ရပြီး ဒုတိယနေရာမှာ ရှိနေဆဲ ဖြစ်ပါတယ်။

ဒါကြောင့် ၂၀၂၂ ခုနှစ် ကုန်ဆုံးသွားချိန်မှာ ဥရောပဈေးကွက်ရဲ့ အရောင်းရဆုံး EV အမှတ်တံဆိပ်က ဘာဖြစ်မလဲဆိုတာကို ပြောဖို့စောနေပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Tesla ကတော့ ကမ္ဘာလုံးဆိုင်ရာဈေးကွက်တွေမှာ ပြိုင်ဘက်တွေပိုပြီးများလာတာတော့ အမှန်ပါပဲ။

Ref: Gizmochina