TCL ဟာ တကမ္ဘာလုံးမှာ TV ထုတ်လုပ်သူတစ်ဦးအနေနဲ့ နာမည်ကြီးနေတာဖြစ်ပါတယ်။ ဒါပေမယ့် မကြာသေးခင်တုန်းက TCL 10 Series ဖုန်းတွေနဲ့ စမတ်ဖုန်းလောကထဲကို ဝင်ရောက်လာခဲ့ပါတယ်။ အဆိုပါ ဖုန်းတွေကလည်း စျေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်လည်း တော်တော်လေးကိုကောင်းမွန်တဲ့အတွက် အကောင်းဖက်ကနေဝေဖန်ခံခဲ့ရပါသေးတယ်။

အခုလည်း TCL ကနေ Display အောက်မှာ Selfie Camera ကိုမြုပ်ထားနိုင်တဲ့ In-Display Camera နည်းပညာနဲ့ ဖုန်းဒီဇိုင်းတစ်ခုကို မူပိုင်ခွင့်ရယူလိုက်ပါပြီ။ အဲ့ဒီအတွက် ပုံမှန်ဖုန်းကို အသုံးပြုနေတဲ့အချိန်မှာ လုံးဝ Full Screen Experience ကို ရရှိမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း TCL ကနေ ဘယ်လိုမျိုး နည်းပညာကိုအသုံးပြုပြီး In-Display Camera Setup ကို ပြုလုပ်ထားတယ်ဆိုတာကိုတော့ အဆိုပါ မူပိုင်ခွင့်မှာ ဖော်ပြထားခြင်းမရှိပါဘူး။

အဆိုပါ မူပိုင်ခွင့်မှာပါဝင်တဲ့ ဒီဇိုင်းအရတော့ TCL ဟာ 21:9 Display နဲ့အတူ Dual Camera Setup ကို အသုံးပြုထားတာကိုမြင်တွေ့ရပါတယ်။ ဒါပေမယ့် တကယ်တမ်းမိတ်ဆက်တဲ့အချိန်မှာတော့ ပုံစံပြောင်းလဲနိုင်ခြေများနေပါတယ်။

လောလောဆယ်မှာ အဆိုပါ In-Display Camera နည်းပညာကို Xiaomi ၊ OPPO နဲ့ Huawei လိုမျိုး ကုမ္ပဏီတွေက ဆောင်ရွက်နေပြီးတော့ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Visionox ကုမ္ပဏီကနေ In-Display Camera နည်းပညာကို အမြောက်အများထုတ်လုပ်နိုင်သွားပြီဆိုပြီး ကြေညာခဲ့ပါတယ်။ ဒါပေမယ့်လည်း လောလောဆယ်မှာတော့ ယခုနှစ်ထဲမှာ Huawei ကပဲ အဆိုပါ Visionox ရဲ့ နည်းပညာကို တစ်ဦးထဲအပိုင်ယူထားမယ်လို့ သတင်းတွေထွက်နေတဲ့အတွက် ပထမဆုံး In-Display Camera နဲ့ဖုန်းကတော့ Huawei ကနေပဲ မိတ်ဆက်လာနိုင်ပါတယ်။

Ref – Gizmo China