အခုတလော ဥရောပအခြေစိုက် Dota 2 အသင်းဖြစ်တဲ့ Team Secret ရဲ့အောင်မြင်မှုတွေဟာ ရပ်တန့်မသွားဘဲ WePlay! Pushka League S1 နဲ့ Gamers Without Borders Charity ပွဲတို့ကို ဗိုလ်စွဲခဲ့ပြီးနောက် Dota PIT ပြိုင်ပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲမှာပါ Team Liquid ကို သုံးပွဲပြတ်အနိုင်ရပြီး အောင်ပွဲခံခဲ့ပါတယ်။

Dota PIT ပြိုင်ပွဲမှာ Team Secret ဟာ ပွဲငယ်တစ်ပွဲကိုတောင် မရှုံးနိမ့်ခဲ့ဘဲ ပွဲတိုင်း 2 – 0 ရလဒ်နဲ့ တောက်လျှောက် အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲမှာပါ သုံးပွဲပြတ်တဲ့အတွက် ပြိုင်ပွဲတလျှောက်ရလဒ် 15 – 0 နဲ့ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တာပါ။ Gamers Without Borders ပွဲမှာလည်း ဗိုလ်ပွဲမှာ Na’Vi အသင်းကို သုံးပွဲပြတ်အနိုင်ရခဲ့သလို WePlay! ပွဲတုန်းကလည်း အုပ်စုပွဲမှာ အရှုံးတစ်ပွဲတွေ့ခဲ့ပေမယ့် ရှုံးထွက်အဆင့်ကနေ ဗိုလ်လုပွဲအထိ ပွဲငယ်တစ်ပွဲမှ မရှုံးခဲ့ပြန်ပါဘူး။

ဒါ့ကြောင့် နောက်ဆုံးကစားခဲ့တဲ့ ကစားပွဲပေါင်း ၃၆ ပွဲမှာ ၃၅ ပွဲထိ အနိုင်ရရှိခဲ့ကာ အများစုက 2 – 0, 3 – 0 ပွဲပြတ်တွေ ဖြစ်ပါတယ်။ Dota PIT ပြိုင်ပွဲကိုအနိုင်ရပြီးတဲ့နောက်မှာတော့ Dota 2 အချက်အလက်ပြုစုသူတစ်ဦးဖြစ်တဲ့ Noxville က Team Secret ဟာ ပွဲစဉ်တစ်ရာအတွင်းမှာ ရလဒ်အကောင်းဆုံးစံချိန်နဲ့ နီးကပ်နေပြီဖြစ်ကြောင်း ထောက်ပြလိုက်ပါတယ်။

Noxville ရဲ့ပြောကြားချက်အရ Team Secret နောက်ဆုံးကစားခဲ့တဲ့ပွဲတစ်ရာအတွင်းမှာ အနိုင်အရှုံးရလဒ်က ၈၂ – ၁၈ ပွဲဖြစ်နေပြီး သူတို့ထက်သာတာဆိုလို့ Ti3 ချန်ပီယံဟောင်း Alliance နဲ့ Ti4 ချန်ပီယံဟောင်း NewBee ရဲ့ ၂၀၁၆ ခုနှစ် ရလဒ်များဖြစ်တဲ့ ၈၃ – ၁၇ ပွဲ ရလဒ်သာရှိတော့တာပါ။

ဒါပေမယ့် အနိုင်အရှုံးရလဒ်က တောက်လျှောက်မဟုတ်ဘဲ ကြားထဲမှာအရှုံးရလဒ်တွေ ကြိုကြားရှိနေတာမို့ Team Secret ဟာ Alliance နဲ့ NewBee ရဲ့ စံချိန်ဟောင်းကိုမီဖို့ နောက်ထပ်လေးပွဲဆက်တိုက် အနိုင်ရရှိဖို့လိုနေပြီး ကျော်ဖြတ်ဖို့ဆိုရင် ၆ ပွဲဆက်တိုက်အနိုင်ဖို့ လိုအပ်နေပါတယ်။

မဖြစ်နိုင်တဲ့ပမာဏတော့ မဟုတ်ပေမယ့် ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးဒေသတစ်ခုဖြစ်တဲ့ Europe အခြေစိုက် Secret အသင်းဟာ ကိုဗစ်ကြောင့် ပြိုင်ပွဲအများစုအွန်လိုင်းအသွင်ပြောင်းလဲကျင်းပရတဲ့ကာလမှာ အိမ်နီးချင်းအင်အားကြီးဒေသဖြစ်တဲ့ CIS အသင်းတွေနဲ့ပါ ရံဖန်ရံခါ အတူယှဉ်ပြိုင်နေရတာပါ။ နောက်ထပ်လေးပွဲဆက်နိုင်ရင် ၈၃ – ၁၇ ပွဲစံချိန်ကို မီပြီး ခြောက်ပွဲဆက်နိုင်ရင် ၈၄ – ၁၆ ပွဲနဲ့ ပွဲတစ်ရာအတွင်း ရလဒ်အကောင်းဆုံးစံချိန်ကို ရရှိနိုင်မယ့် Team Secret ဟာ ဒီစံချိန်တွေကို တင်နိုင်မလားဆိုတာကိုတော့ မကြာခင်အဖြေထွက်လာတော့မှာဖြစ်ပါတယ်။

Ref – AFKGaming