၂၀၂၀ ခုနှစ်ရဲ့ အစောင့်မျှော်ရဆုံး မိုဘိုင်းဂိမ်းတွေထဲက တစ်ခုဖြစ်တဲ့ Teamfight Tactics ကတော့ အမေရိကန်၊ သြစတြေးလျ အပါအဝင် နိုင်ငံတစ်ချို့မှာ Soft Launch ပြုလုပ်လာပါပြီ။ ဒါပေမယ့် Close Beta ဆန်ဆန်မဟုတ်ဘဲ App ကို ဒေါင်းလုပ်ရယူနိုင်ရင် ဆော့လို့ရတာကြောင့် သက်ဆိုင်ရာနိုင်ငံတွေက ပလေးစတိုးတွေကို VPN ကျော်ပြီးသော်လည်းကောင်း APKPure လို Third-party ဝက်ဆိုက်တွေကနေသော်လည်းကောင်း Download ပြီး ကစားနိုင်ပါတယ်။

TFT လို့ အတိုကောက်ခေါ်တဲ့ Teamfight Tactics ဟာ လက်ရှိကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး MOBA ဂိမ်းတစ်ခုဖြစ်တဲ့ League of Legends ရဲ့ ဇာတ်ကောင်တွေနဲ့ Autochess ဂိမ်းဖြစ်ပါတယ်။ ဒါပေမယ့် Dota 2 ကို အခြေခံထားတဲ့ Autochess တွေနဲ့ ဂိမ်းကစားပုံ ကွာခြားပြီး လက်ရှိ Mobile Legends: Bang Bang မှာ ကစားနေကြတဲ့ Magic Chess ဟာ သူ့ကို အခြေခံထားတာဖြစ်ပါတယ်။

PC ကွန်ပြူတာတွေပေါ်က LOL Client ပေါ်မှာ ဆော့ကစားနိုင်တာ လများစွာကြာပြီဖြစ်တဲ့ TFT ဟာ အခုမှ ပလေးစတိုးပေါ်ကိုရောက်လာတာဖြစ်ပြီး Global တောင်တရားဝင်မလွှင့်ပေးသေးပါဘူး။ တကယ်စမ်းဆော့ကြည့်တော့လည်း ကွန်ပြူတာပေါ်က Gameplay ကို မိုဘိုင်းပေါ်ကို ဒီတိုင်းသွတ်သွင်းထားသလို ခံစားရပြီး မိုဘိုင်း Autochess တွေပဲ ဆော့ဖူးတဲ့သူတွေအတွက် အဆင်မပြေတာတွေ ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် TFT ဟာ လအနည်းငယ်ကြာတိုင်း Major Update တစ်ခု ထုတ်ပြီး Champion (ဟီးရိုး) တွေနဲ့ Synergy အတွဲအစပ်တွေကို လုံးဝအသစ်ပြန်လုပ်လေ့ရှိပါတယ်။ အခုမိုဘိုင်း TFT နဲ့အတူ ထွက်လာတာက တတိယမြောက် Major Update ဖြစ်ပြီး သူ့ကို Set 3 သို့မဟုတ် Galaxy Set လို့ ခေါ်ပါတယ်။ နာမည်နဲ့လိုက်အောင် အာကာသသိပ္ပံ Theme နဲ့ ဆော့ကစားရမှာပါ။

Autochess ဝါသနာရှင်တွေနဲ့ LOL ကို မိုဘိုင်းပေါ် ဘယ်လိုခေါ်လာမလဲ ဆိုတာ စိတ်ဝင်တစားစောင့်ကြည့်နေသူတွေအတွက်တော့ TFT Mobile ကို စမ်းဆော့ကြည့်သင့်ပါတယ်။ Riot စတူဒီယိုဟာ အရင်ရက်ကလည်း စင်ကာပူ ပလေးစတိုးမှာ LOL Universe ဝင် ကတ်ဂိမ်းဖြစ်တဲ့ Runeterra ကို အခုလိုပဲ Soft Launch လုပ်ထားပေမယ့် လူတိုင်းဝင်ဆော့လို့ မရသေးပါဘူး။ TFT ကတော့ အလွယ်တကူဆော့ကစားနိုင်နေပါတယ်။

ဒီဂိမ်းကို RAM 4GB အောက် ဖုန်းတွေနဲ့ Screen ခြောက်လက်မအောက် ဖုန်းတွေမှာ ဆော့လို့ သိပ်အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒါ့အပြင် Display ကလည်း Edge Display တွေမှ ပိုကြည့်လို့ ကောင်းပါလိမ့်မယ်။ နောက်ထပ် လအနည်းငယ် ဆက်လက်သည်းခံပြီး တရားဝင်ဖြစ်တဲ့အထိ ဒီလိုပဲ ဆော့သွားရမယ့်ပုံပါပဲ။ Dota Underlords ဆိုရင်လည်း လပေါင်းများစွာ အချိန်ယူပြီးမှ Official Launch လုပ်နိုင်ခဲ့တာပါ။