Tesla ရဲ့ စီအီးအိုနဲ့ တည်ထောင်သူ Elon Musk က နာမည်ကြီးနေတဲ့ Cybertruck ထုတ်လုပ်ရောင်းချမှုကို နောက်နှစ်သို့ နောက်ဆုတ်မှာ ဖြစ်တယ်လို့ ဒီ ၁ ပတ်အစောပိုင်းက ကြေညာလိုက်ပါတယ်။

Cybertruck ထုတ်လုပ်ရောင်းချမှု နှောင့်နှေးမယ်ဆိုတဲ့ သတင်းတွေထွက်နေပြီး အခုတော့ Musk ကိုယ်တိုင်က အတည်ပြုပြောကြားလိုက်တာပါ။ Tesla ဟာ ကွာတား အလိုက် ဝင်ငွေ စာရင်းရှင်းတမ်းကို ကြေညာပြီးနောက်မှာ အခုသတင်းထွက်လာတာ ဖြစ်ပြီး ကုန်ကြမ်းတွေ ရှားပါးနေပေမယ့် Tesla ရဲ့ လျှပ်စစ်ကားတွေဟာ ရောင်းအား ၅၀ ရာခိုင်နှုန်းကျော် မြင့်မားလာတယ်လို့ စာရင်းရှင်းတမ်းမှာ ဖော်ပြထားပါတယ်။ Tesla ဟာ ၂၀၁၉ ခုနှစ်က ခေတ်ရှေ့ပြေး Cybertruck ကို ပထမဆုံး အကြိမ် ပြသခဲ့တာ ဖြစ်ပြီး အခုထက်ထိ ထုတ်လုပ်ရောင်းချနိုင်ခြင်း မရှိသေးတာပါ။

Elon Musk Confirms Tesla Cybertruck Production Postponement

ကုမ္ပဏီဟာ Cybertruck ကို ပြသပြီးနောက်မှာ ထုတ်လုပ်မှုကို ၂၀၂၁ ခုနှစ်သို့ နောက်ဆုတ်ခဲ့ကာ အဲဒီနောက်မှာ ၂၀၂၂ ခုနှစ်သို့ ထပ်နောက်ဆုတ်ခဲ့ပါတယ်။ အခုတော့ ၃ ကြိမ်မြောက်နောက်ဆုတ်လိုက်တာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်ဟာ Tesla အတွက် ကားများများ ထုတ်လုပ်မယ့်နှစ် ဖြစ်ပြီး Cybertruck , Semi , Roadster တို့ ထွက်လာမှာပါ။ ဒါ့အပြင် လူတူ စက်ရုပ်ကိုလည်း နောက်နှစ်မှာ ကြေညာနိုင်ပါတယ်။ Musk က ကားအတွက် ကုန်ကြမ်းတွေ ရှားပါးနေလို့ ဒီနှစ်ထဲမှာ ကား မော်ဒယ် အသစ်တွေ မိတ်ဆက်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

Musk က “ Cybertruck အစီးရေ ၂၅၀,၀၀၀ နှစ်စဉ် ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။ ဒါပေမယ့် အဲဒီ ထရပ်ကားမှာ နည်းပညာ အသစ်များစွာ ထည့်သွင်းထားတဲ့အတွက် စိန်ခေါ်မှုတွေ ရှိနေပါတယ်။ ဘက်ထရီအတွက် စိတ်ပူစရာ မလိုပါဘူး။ ကျွန်တော် စိတ်ပူတာက မြင့်မားတဲ့ နည်းပညာတွေပါတဲ့ Cybertruck ကို ဈေးသက်သက်သာသာနဲ့ ရောင်းချပေးနိုင်ဖို့ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

Ref : gizmochina