Tesla ကနေ ကားပစ္စည်းတချို့ကို Dogecoin နဲ့ ဝယ်ယူနိုင်ပြီလို့ ကုမ္ပဏီရဲ့ စီအီးအို Elon Musk က ကြေညာလိုက်ပါတယ်။ Meme အခြေပြု Cryptocurrency နဲ့ ဝယ်ယူနိုင်တဲ့ ကုန်ပစ္စည်းတွေထဲမှာ Cyberquad for Kids ( 12,020 Doge/ ၂,၃၂၀ ဒေါ်လာ ဝန်းကျင်) ၊ Giga Texas Belt Buckle (835 Doge/ ၁၆၁ ဒေါ်လာ ဝန်းကျင်) နဲ့ Cyberwhistle (300 Doge/ ၅၈ ဒေါ်လာ ဝန်းကျင်)တို့ ပါဝင်ပါတယ်။ အခုသတင်းကြေညာပြီးနောက်မှာ Dogecoin ရဲ့ တန်ဖိုးဟာ ၁၆ ရာခိုင်နှုန်း တက်သွားပြီး ၀.၂၀ ဒေါ်လာ ဝန်းကျင် ဖြစ်သွားတယ်လို့ Business Insider က ပြောပါတယ်။

Musk ဟာ Cryptocurrency နဲ့ ငွေပေးချေနိုင်တဲ့ နည်းလမ်းကို စမ်းသပ်မယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့က တွစ်တာမှာ ကြေညာခဲ့ပါသေးတယ်။ ကားတစ်စီးလုံးကို Dogecoin နဲ့ ဘယ်အချိန်မှာ ဝယ်ယူနိုင်မလဲဆိုတာ မသိရသေးဘဲ Musk က Dogecoin ဟာ သူ့ရဲ့ အကြိုက်ဆုံး Cryptocurrency ဖြစ်တယ်လို့ အရင်က ပြောထားဖူးပါတယ်။

အမေရိကန် ပြင်ပမှာလည်း Dogecoin နဲ့ ကားပစ္စည်းတွေ ဝယ်ယူနိုင်တဲ့ပုံပေါ်ပြီး ဗြိတိန်က Tesla စတိုးမှာ S3XY Mug ကို 150 Doge (၂၉ ဒေါ်လာ ဝန်းကျင်) နဲ့ ရောင်းချပေးထားပါတယ်။

Tesla ဟာ လွန်ခဲ့တဲ့ လအနည်းငယ်က Bitcoin နဲ့ ကားဝယ်ယူခွင့်ပေးခဲ့ပြီး Bitcoin Mining ကြောင့် သဘာဝပတ်ဝန်းကျင် ပျက်ဆီးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ၄၉ ရက်အကြာမှာ Bitcoin နဲ့ ကားရောင်းချတာကို ရပ်နားခဲ့ပါတယ်။ Musk က “ Cryptocurrency ဟာ ကဏ္ဍပေါင်းစုံအတွက် အကျိုးရှိမှာ ဖြစ်ပြီး အနာဂတ်မှာ အလားအလာ ကောင်းမှာပါ။ ဒါပေမယ့် သဘာဝပတ်ဝန်းကျင်ကို အကြီးအကျယ် ပျက်ဆီးစေမှာပါ။ “ လို့ အဲဒီအချိန်တုန်းက ပြောခဲ့ပါတယ်။

Ref : theverge