လျှပ်စစ်ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေထဲမှာ ဆရာတစ်ဆူဖြစ်တဲ့ Tesla Motors ကနေ လျှပ်စစ်စွမ်းအင်သုံး Tesla Roadster 2.0 နဲ့ Semi Truck ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ Tesla ကုမ္ပဏီဟာ အရင်ဆုံး Tesla Roadster ကို ၂၀၀၈ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး နောက်ပိုင်း ပုံမှန် Seden နဲ့ SUV အမျိုးအစားတွေဖြစ်တဲ့ Tesla Model S, Model X နဲ့ Model 3 အမျိုးအစား လျှပ်စစ်ကားတွေကို ထုတ်လုပ်ခဲ့ပြီးဖြစ်ပါတယ်။

အခုပြသလိုက်တဲ့ Tesla Semi Truck နဲ့ Roadster ကားတွေက လျှပ်စစ်ကားတွေက အနာဂတ်ဖြစ်တယ်ဆိုတာလှစ်ဟပြလိုက်သလိုပါပဲ။

ပုံမှန်လက်ရှိ ဒီဇယ် Semi Truck တွေက ရပ်ထားတဲ့အချိန်ကနေ တနာရီကိုမိုင် ၆၀ နှုန်းမောင်းနိုင်ဖို့ ၁၅ စက္ကန့်လောက်ပေးရပြီး တကယ်လို့ ပေါင် ၈ သောင်း အလေးချိန်ကို သယ်ဆောင်ထားရရင် ၁ မိနစ်လောက်ထိပေးရမှာပါ။ Tesla ရဲ့ Semi Truck ကတော့ တနာရီမိုင် ၆၀ နှုန်းကို ရောက်ဖို့ ၅ စက္ကန့်ပဲပေးရမှာဖြစ်ပြီး ပေါင် ၈ သောင်း အလေးချိန်ကို သယ်ဆောင်ထားရရင်လည်း စက္ကန့် ၂၀ ပဲကြာမှာဖြစ်ပါတယ်။ ဒီ Tesla ရဲ့ Electric Semi Truck တွေက အားအပြည့်သွင်းထားရင် မိုင် ၅၀၀ ခန့် သွားနိုင်မှာဖြစ်ပြီးတော့ နာရီဝက်ခန့် ပြန်အားသွင်းရုံနဲ့ မိုင် ၄၀၀ ခန့် အထိသွားနိုင်မှာပါ။

အခု Tesla Electric Semi Truck တွေကို ၂၀၁၉ မှ စတင်ထုတ်လုပ်သွားမှာဖြစ်ပေမယ့် Meijer Inc. နဲ့ Walmart လိုမျိုး ကုမ္ပဏီတွေက Order မှာယူထားပြီးပြီလို့ သိရပါတယ်။

နောက်ထပ် Tesla က ထုတ်ပြသွားတဲ့ လျှပ်စစ်ကားကတော့ Roadster 2.0 ပါ။ ပထမဆုံးထွက်ရှိခဲ့တဲ့ Telsa Roadster က Lotus Elise ကို အခြေခံထားပေမယ့် ယခုထွက်ရှိလာတဲ့ Tesla Roadster ကတော့ လုံးဝ ကိုယ်ပိုင်ဒီဇိုင်းနဲ့ပဲထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ အခုထွက်ရှိလာတဲ့ Tesla Roadster က လက်ရှိအချိန်မှာ အမြန်ဆုံးသော ပြိုင်ကားတစ်စီးဖြစ်လာပြီး တနာရီမိုင် ၆၀ နှုန်းကို ၁.၉ စက္ကန့်ထဲနဲ့ ရောက်ရှိမှာဖြစ်ပါတယ်။

ဒါက လက်ရှိထုတ်လုပ်ခဲ့သမျှ ပြိုင်ကားတွေအားလုံးထဲမှာ ပထမဆုံး တနာရီမိုင် ၆၀ နှုန်းကို ၂ စက္ကန့်အောက်ထဲနဲ့ မောင်းနှင်နိုင်တဲ့ ပထမဆုံး ပြိုင်ကားဖြစ်လာတာဖြစ်ပါတယ်။ ဒါ့အပြင် Tesla Roadster ကားဟာ တနာရီ မိုင် ၁၀၀ နှုန်းကို ၄.၂ စက္ကန့်ထဲနဲ့ရောက်ရှိမှာဖြစ်ပြီး တစ်မိုင်ရဲ့ လေးပုံတစ်ပုံကို ၈.၉ စက္ကန့်ထဲနဲ့ မောင်းနှင်မှာဖြစ်ပါတယ်။ အမြင့်ဆုံးမိုင်နှုန်းအနေနဲ့ Tesla Roadster ပြိုင်ကားဟာ မိုင်နှုန်း တစ်နာရီကို ၂၅၀ အထက် သို့မဟုတ် တစ်နာရီကို ကီလို ၄၀၀ နဲ့အထက်အထိ ရောက်ရှိမှာဖြစ်ပါတယ်။

Tesla ဟာ Roadster ပြိုင်ကားကို 200kWh Battery တပ်ဆင်ပေးထားပြီး အားတစ်ခါသွင်းထားရင် မိုင် ၆၂၀ (ကီလိုမီတာ ၁၀၀၀ခန့်) အထိ အားပြန်သွင်းစရာမလိုအပ်ပဲ မောင်းနှင်နိုင်မှာဖြစ်ပါတယ်။ အခု Tesla Roadster ရဲ့ Base Model ကို ဒေါ်လာ ၂ သိန်းနဲ့ ရောင်းချသွားမှာဖြစ်ပြီးတော့ ၂၀၂၀ ခုနှစ်မှ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။

အခုထုတ်ပြန်လိုက်တဲ့ Tesla Roadster ရဲ့ အချက်အလက်တွေက Base Model အတွက်ပဲဖြစ်ပြီး Elon Musk ကတော့ အခုထက်ပိုပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ Special Option Package ရှိသေးတယ်လို့ ပြောကြားခဲ့ပါတယ်။