Microsoft က Windows 11 ကို တရားဝင် မဖြန့်ချိရသေးခင်မှာပဲ အင်စတောလုပ်ချင်တဲ့ လူတွေတော်တော်များနေပါတယ်။ အဲဒီ လူတွေဟာ ဟက်ကာတွေရဲ့ သားကောင် ဖြစ်သွားနိုင်ပါတယ်။ Microsoft က Windows 11 ကို Windows Insiders Program ကနေ တရားဝင် ဖြန့်ချိပေးမှာ ဖြစ်ပြီး အွန်လိုင်းက Windows 11 Installer အတုတွေကို မယုံကြည်သင့်ပါဘူး။

ဆိုက်ဘာ လုံခြုံရေး ဆော့ဖ်ဝဲတွေကို ဖန်တီးနေတဲ့ Kaspersky က အဲဒီ Windows 11 Installer အတုတွေမှာ Malware တွေ ပါလာနိုင်တယ်လို့ သတိပေးထားပါတယ်။ အဲဒီ Windows 11 Installer အတုတွေဟာ နောက်ကွယ်မှာ Malware တွေကို အင်စတောလုပ်ကြတယ်လို့ Kaspersky က ပြောပါတယ်။

ဥပမာ တစ်ခု ပြောရရင် Kaspersky ဟာ 86307_windows 11 build 21996.1 x64 + activator.exe လို့ နာမည်ပေးထားတဲ့ ဖိုင်ကို လေ့လာကြည့်တဲ့အခါ Windows 11 Installer အတုနဲ့ License Activator တချို့ ပါလာတာကို မြင်ရပါတယ်။ ဖိုင်အရွယ်အစားက 1.76GB ရှိပြီး တကယ့် Installer အစစ်လို့ ထင်စရာပါပဲ။ ဒါပေမယ့် အဲဒီဖိုင်မှာ အသုံးမဝင်တဲ့ သတင်းအချက်အလက်တချို့ပါတဲ့ DLL ဖိုင် တစ်ခုပဲ ထည့်သွင်းထားပါတယ်။

Fake Windows 11 installers proliferate, filling our PC with malware, warns Kaspersky

အဲဒီ ဖိုင်ကို Install လုပ်ကြည့်တဲ့အခါ Windows Installation Wizard အတု ပေါ်လာပြီး တကယ့် အစစ်လို့တောင် ထင်စရာ ကောင်းပါတယ်။ ဒါပေမယ့် တခြား Applications တွေကို နောက်ကွယ်ကနေ အင်စတောလုပ်နေပါတယ်။ နောက် Installer တစ်ခုမှာ License Agreement တစ်ခု ထည့်သွင်းထားပြီး Installer က သင့် PC မှာ Sponsored Apps တချို့ကို အင်စတောလုပ်ခွင့် တောင်းနေပါတယ်။

သင်က သဘောတူလိုက်တာနဲ့ Installer က အင်တာနက်ကနေ Malware တွေကို Install လုပ်မှာ ဖြစ်ပြီး သင့် ကွန်ပြူတာက ဒေတာတွေကို ခိုးယူနိုင်ပါတယ်။ အဲဒီအတွက် အခုအချိန် အွန်လိုင်းမှာ ထွက်လာတဲ့ Windows 11 Installer အတုတွေကို လက်တည့် မစမ်းသင့်ကြောင်း သတိပေးလိုက်ရပါတယ်။

Ref : techradar