Apple ရဲ့ ထောက်ပံ့ရေးကွင်းဆက်အတွင်း လုပ်ကိုင်နေသူတွေဆီကနေထွက်လာတဲ့ ကောလာဟလသတင်းတစ်ခုကတော့ MacBook မိသားစုထဲမှာ အသေးငယ်ဆုံး Laptop ဖြစ်တဲ့ 12-inch MacBook ဟာ ကုမ္ပဏီရဲ့ ARM CPU နဲ့ ဒီနှစ်ထဲမှာ ပြန်လည်ထွက်ရှိလာမယ်ဆိုတာပဲ ဖြစ်ပါတယ်။

Apple ရဲ့ 12-inch MacBook ဟာ Intel ရဲ့ စွမ်းရည်နိမ့် Core Y-Series Chip တွေနဲ့ ထုတ်ထားတဲ့ Laptop ဖြစ်ပါတယ်။ ဒါကြောင့် Apple ရဲ့ အသစ်စက်စက် ARM CPU နဲ့ ပြန်လည်ထွက်ရှိလာမယ်ဆိုတာက အဓိပ္ပါယ်ရှိပါတယ်။ ဒါတင်မကသေးပါဘူး။ Apple ရဲ့ သတင်းတွေကို အစဉ်တစိုက်လေ့လာဖော်ပြနေတဲ့ Ming-Chi Kuo ကလည်း 13-inch ဒါမှမဟုတ် 24-inch iMac တွေဟာ ကုမ္ပဏီရဲ့ကိုယ်ပိုင် Chipset နဲ့ ထွက်လာမယ့် ပထမဆုံး Macs တွေ ဖြစ်နိုင်တယ်လို့ ပြောခဲ့ဖူးပါတယ်။

သတင်းသစ်ကတော့ TSMC ကနေ တိုက်ရိုက်ထွက်ပေါ်လာတာဖြစ်ပြီး Apple အတွက် A-Series chipset တွေကို အဓိကထောက်ပံ့ပေးနေတာလည်း ဖြစ်ပါတယ်။ TSMC ဟာ Huawei အတွက် Chip ထောက်ပံ့ပေးမှုကို ရပ်တန့်လိုက်ရတယ်ဆိုပေမယ့် Apple ရဲ့ လိုအပ်ချက်တွေကို အလွယ်တကူ ဖြည့်ဆည်းပေးနိုင်ပြီဖြစ်တယ်လို့ ဆိုခဲ့တာပါ။

ဒါ့အပြင်လာမယ့် iPhone 12 မိသားစုမှာ A14 Bionic chip တွေနဲ့ iPads တွေမှာ A 14X Bionic တွေအသုံးပြုသွားမှာဖြစ်ပြီး 12-inch MacBook တွေမှာလည်း အသုံးပြုလာလိမ့်မယ်လို့ ဆိုထားပြန်ပါသေးတယ်။ ဒါဟာ A14X Bionic Sillicon ကို MacBook မှာလည်း အသုံးပြုမယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။ အကျိုးကျေးဇူးကတော့ MacBook ရဲ့ စွမ်းဆောင်ရည်ကို အတော်လေးမြှင့်တင်ပေးနိုင်သလို၊ ထူးကဲတဲ့ ဘက်ထရီသက်တမ်းကိုလည်း ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

ဘက်ထရီသက်တမ်းနဲ့ပတ်သက်ပြီးတော့ တစ်ကြိမ်အားအပြည့်သွင်းပြီးရင် အနည်းဆုံး ၁၅ နာရီကနေ နာရီ ၂၀ အထိ အသုံးပြုနိုင်မယ်လို့ Apple က ကတိပေးထားတာ ဖြစ်ပါတယ်။ လက်တလောမှာတော့ 12-inch MacBook ဟာ ပထမဆုံး ပြောင်းလဲမှုကို ရရှိတာဖြစ်ပြီး ကျန်တဲ့ 13-inch, 15-inch နဲ့ 16-inch တွေကတော့ နောက် ၂ နှစ်လောက်မှ ARM-CPU တွေနဲ့ တွေ့မြင်ရဖွယ်ရှိပါတယ်။

Ref: GSM Arena