Acer က စမတ် စပီကာ လောကထဲကို နယ်ချဲ့လာပြီး Google Assistant ပါတဲ့ Acer Halo ကို ကြေညာလိုက်ပါတယ်။ တခြား စမတ် စပီကာတွေနဲ့ ဒီဇိုင်း ကွဲပြားတာက စိတ်ဝင်စားစရာ ကောင်းပါတယ်။ စမတ် စပီကာ အများစုမှာလို စက်ဝိုင်းပုံစံ မဟုတ်ဘဲ လေးထောင့် ပုံစံ ဖြစ်ပါတယ်။ မိုက်ကရိုဖုန်း ပိတ်တဲ့ ခလုတ် အပါအဝင် ထိပ်ဖက်မှာ ထိန်းချုပ် ခလုတ်တွေ တပ်ဆင်ထားပါတယ်။ ကိုယ်ထည်ရဲ့ တစ်ဖက်မှာ LED မျက်နှာပြင် တပ်ဆင်ထားပြီး ချည်သားနဲ့ ဖုံးအုပ်ထားပါတယ်။

Acer Halo

မျက်နှာပြင်မှာ ရာသီဥတု သတင်းအချက်အလက်တွေ၊ Countdown Timer ၊ Icons နဲ့ Animations တွေကို ပြသပေးနိုင်ပါတယ်။ စမတ် စပီကာရဲ့ အောက်ခြေကို ဖောက်ထွင်းမြင်ရအောင် ပြုလုပ်ထားပြီး LED ကနေ သီချင်း သံစဉ်နဲ့လိုက်ဖက်တဲ့ အလင်းရောင်တွေ ထုတ်လုပ်ပေးပါတယ်။

Halo စပီကာမှာ မိုက်ကရိုဖုန်း ၂ လုံး ပါလာပြီး Acer က Google Assistant နဲ့ DTS Surround Sound ထောက်ပံ့ထားတဲ့ ပထမဆုံး စမတ် စပီကာလို့ ကြွေးကြော်ထားပါတယ်။ စမတ် စပီကာကနေ တခြား စမတ် နေအိမ် ကိရိယာတွေကို ထိန်းချုပ်နိုင်ပြီး Podcasts တွေ နားဆင်နိုင်ပါတယ်။ မေးခွန်းတွေလည်း မေးမြန်းနိုင်ပြီး Google Assistant က သင့် အတွက် ဖြေဆိုပေးမှာပါ။

Acer Halo ကို ဥရောပမှာ ၁၁၉ ယူရိုနဲ့ ဒီဇင်ဘာလမှာ ရောင်းမှာ ဖြစ်ပြီး ၁ သိန်း ၈ သောင်းလောက်ကျသင့်မှာပါ။ အမေရိကန်မှာ ၂၀၂၁ ခုနှစ် ပထမ ၃ လအတွင်း ၁၀၉ ဒေါ်လာနဲ့ ရောင်းမှာ ဖြစ်ပြီး ၁ သိန်း ၄ သောင်းလောက်ပဲ ကျသင့်မှာပါ။

Ref : gizmochina