Epic Games ကနေ Fortnite အပြင်တခြားသော PC Game တွေကိုပါ ဝယ်ယူနိုင်တဲ့ Epic Game Store ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀၁၈ တုန်းက စတင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အစောပိုင်းတုန်းက လက်ရှိရှိပြီးသား Steam လိုမျိုး Game Store တွေနဲ့ ယှဥ်ပြိုင်နိုင်ခြင်းမရှိပေမယ့် Epic ကနေ ၂ ပတ်ကို တစ်ကြိမ်နီးပါး ပိုက်ဆံပေးဝယ်ရတဲ့ Game တွေကို အလကားပေးနေတာ အခုအချိန်အထိပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း Epic ကနေ လူကြိုက်များတဲ့ Game တစ်ခုဖြစ်တဲ့ Grand Theft Auto V Game ကို အခမဲ့ပေးခဲ့ပြီးတော့ Epic Game Store ရဲ့ Server တွေပါ မနိုင်ဝန်ဖြစ်သွားပြီးတော့ Error တွေတက်ခဲ့တာလည်းဖြစ်ပါတယ်။ အဆိုပါ GTA V Game ဟာ ပုံမှန်ဆိုရင် $29.99 နဲ့ ရောင်းချနေတာဖြစ်တဲ့အတွက် ဒီတစ်ကြိမ် အခမဲ့ပေးတဲ့ Game တန်ဖိုးက ပုံမှန်ပေးနေကြ Game တွေထက်ပိုပြီး တန်ဖိုးမြင့်မားတယ်လို့ ပြောလို့ရပါတယ်။

ပြီးခဲ့တဲ့နှစ် Christmas တုန်းကလည်း Epic ကနေ ပိတ်ရက် ၁၂ ရက်အတွက် နေ့တိုင်းကို Game တစ်ခုစီအခမဲ့ပေးခဲ့ပါသေးတယ်။ ဒါတင်မဟုတ်သေးဘဲ Batman : Arkham နဲ့ Lego Batman Trilogies တွေလိုမျိုး နာမည်ကြီး Game တွေလည်း ပါဝင်နေတာဖြစ်ပါတယ်။

အဲ့ဒီအတွက် Epic အနေနဲ့ Epic Game Store စတင်မိတ်ဆက်တဲ့အချိန်ကနေစတင်ပြီးတော့ အခုအချိန်အထိကို Game ပေါင်း ၁၀၈ မျိုးအထိ အခမဲ့ပေးခဲ့ပြီးဖြစ်သလို စုစုပေါင်းတန်ဖိုးအနေနဲ့ ဒေါ်လာ ၂,၁၄၀.၉၄ (မြန်မာငွေ သိန်း ၃၀ ဝန်းကျင်) အထိရှိနေပြီဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း GTA V လိုမျိုး နာမည်ကြီး Game တွေကို အခမဲ့ပေးသွားဦးမယ်လို့ သိရတဲ့အတွက် Gamer တွေအနေနဲ့ Epic Game Store ကို မသုံးရသေးရင် စမ်းသုံးကြည့်သင့်နေပါပြီ။

Ref – PCGamesN