မကြာသေးခင်ရက်တွေကပဲ Samsung Galaxy Buds Pro ကို တရုတ် 3C, ကိုရီးယား NRRA listing နဲ့ FCC data base တို့မှာ တွေ့မြင်ရကြောင်း သတင်းတွေ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ TWS Earphone အသစ်ဟာ လာမယ့်ဇန်နဝါရီလလယ်မှာ Galaxy S21 နဲ့အတူ မိတ်ဆက်လာမယ်လို့ သတင်းထွက်နေတာလည်း ဖြစ်ပါတယ်။

Galaxy Buds Pro ဟာ Certification တွေ ရရှိနေပြီဖြစ်ပေမယ့်၊ သူနဲ့သက်ဆိုင်တဲ့အချက်အလက်တွေကတော့ အနည်းငယ်ပဲ သိကြရသေးတာပါ။ အထူးသဖြင့် Galaxy Buds Pro ရဲ့ ပုံသဏ္ဍာန်နဲ့ပတ်သက်ပြီး မသိရသလောက် ဖြစ်ခဲ့ပါတယ်။ အခုတော့ Buds Pro ရဲ့ ပုံစံကို တရားဝင်မဟုတ်တဲ့ ခရမ်းရောင်ပုံရိပ်နဲ့အတူတွေ့မြင်ရပါပြီ။

Galaxy Buds Pro ဟာ Galaxy Buds+ ကိုဆက်ခံဖွယ်ရှိတဲ့အတိုင်း ဒီဇိုင်းပိုင်းမှာလည်း ခပ်ဆင်ဆင်ပုံစံကို တွေ့ရပါတယ်။ အထူးသဖြင့် Buds Live လိုမျိုး ပဲစေ့ပုံဒီဇိုင်းထက် Buds+ ဒီဇိုင်းနဲ့ ပိုတူတာဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့ ပုံရိပ်မှာလည်း မူလ Buds တွေမှာတွေ့ရသလိုပဲ “Sound by AKG” label ကို တွေ့မြင်နိုင်ပါတယ်။

FCC listing အရ Buds Pro ရဲ့ ဘက်ထရီဟာ Buds+ (270mAh) ထက် နှစ်ဆနီးပါးများပြားတဲ့ ပမာဏအဖြစ် 500mAh ထောက်ပံ့မယ်လို့ သိရပါတယ်။ ဒါကြောင့် Buds+ ကတော့ ပိုပြီးချိုသာတဲ့ဈေးနှုန်းနဲ့ ဝယ်ယူရနိုင်တော့မယ်လို့ ယုံကြည်ရပါတယ်။ Buds Pro ဟာ Buds Live ရဲ့နေရာမှာ အစားထိုးဖွယ်မရှိဘူးလို့ ယူဆရပါတယ်။ အကြောင်းရင်းကတော့ Buds Pro ကို တည်ဆောက်ထားတဲ့ဒီဇိုင်းက မတူညီတဲ့ အသုံးပြုသူတွေကို ပစ်မှတ်ထားတဲ့ ပုံစံမျိုးဖြစ်နေလို့ပါပဲ။

Ref: GSM Arena