အရင်နှစ်က ကြေညာခဲ့တဲ့ Fossil Q Gen 5 ဟာ စွမ်းဆောင်ရည် ၊ လုပ်ဆောင်ချက်နဲ့ ဘက်ထရီ သက်တမ်းတွေက တော်တော် ကောင်းပါတယ်။ ဒါပေမယ့် ၂၉၅ ဒေါ်လာ ( ၃ သိန်း ၈ သောင်းဝန်းကျင်) ရှိတဲ့အတွက် ဈေးကြီးပါတယ်။ အခုတော့ စွမ်းရည်တူပေမယ့် ဈေးပိုသက်သာတဲ့ မော်ဒယ်အသစ်ကို ကြေညာလိုက်ပါတယ်။ Fossil Gen 5E လို့ နာမည်ပေးထားပြီး ၂၅၀ ဒေါ်လာ ( ၃ သိန်း ၂ သောင်း ဝန်းကျင်) သတ်မှတ်ထားပါတယ်။

Gen 5E မှာ Gen 5 ရဲ့ စွမ်းရည် အားလုံးပါပေမယ့် အရွယ်အစား ပိုကျစ်လစ်သွားပါတယ်။ တူညီတဲ့ Qualcomm Snapdragon Wear 3100 Processor နဲ့ 1GB RAM ထည့်သွင်းထားပြီး မျက်နှာပြင် အရွယ်အစားက ၁.၁၉ လက်မ ဖြစ်ပါတယ်။ ၄၂ မီလီမီတာ အပြင် ၄၄ မီလီမီတာ အရွယ်အစား အသစ်ကိုပါ ရွေးချယ်နိုင်ပါတယ်။

Gen 5E မှာ WearOS မောင်းနှင်ထားပြီး Google Pay ငွေပေးချေမှု စနစ် ထောက်ပံ့ထားသလို စမတ်နာရီကနေ ဖုန်းဖြေတာ၊ စာပြန်တာတွေ ပြုလုပ်နိုင်ပါတယ်။ Fossil ရဲ့ Multi-day ဘက်ထရီ Mode တွေ ပါလာပြီး System Settings တွေကို စိတ်ကြိုက်ပြင်ဆင်ကာ ဘက်ထရီ သက်တမ်း ရက်များစွာကြာ ခံအောင် အသုံးပြုနိုင်ပါတယ်။

စွမ်းရည်မြင့်ပြီး ဒီဇိုင်းမိုက်တဲ့ စမတ်နာရီ လိုချင်သူတွေအတွက် Fossil Gen 5E က ရွေးချယ်စရာ ၁ ခု ဖြစ်ပါတယ်။ ဒါပေမယ့် Processor ကတော့ နည်းနည်း ဒိတ်အောက်နေတာက အားနည်းချက် ၁ ခုပါ။ အမေရိကန်မှာ စတင် ရောင်းချပေးလိုက်ပြီ ဖြစ်ပြီး ၄၄ နဲ့ ၄၂ မီလီမီတာတွေအတွက် မတူညီတဲ့ အရောင်နဲ့ စတိုင်တွေ ရွေးချယ်နိုင်ပါတယ်။

Ref : androidpolice