ခေါင်းစဥ်တပ်တာ နည်းနည်း Over ဖြစ်ပြီး များသွားသလိုပဲ :3
တကယ်တော့ မများပါဘူး။ ဒီ Review ကို အဆုံးထိ ဖတ်ကြည့်ဖြစ်ရင် ခင်ဗျားတို့လည်း Samsung ရဲ့ The Freestyle လို့ ခေါ်တဲ့ TV Projector လေးကို အနည်းနဲ့ အများတော့ သဘောကျမိကြမှာပါ။

The Freestyle ကို မိတ်ဆက်တုန်းက အဲ့ဒီပွဲမှာ ကျွန်တော်ရှိခဲ့တယ်။ မိတ်ဆက်ပွဲမှာတော့ ဒီ TV Projector လေးက ဘယ်လောက်ကောင်းတယ်၊ ဘယ်လိုသုံးလို့ရတယ်၊ ဘာညာနဲ့ ပြောတာပေါ့။ အဲ့ဒီတုန်းက ဒီ Freestyle နဲ့ ပတ်သက်ပြီး ကျွန်တော်ရဲ့ Feeling က “အော်…အေး…မဆိုးပါဘူး” ဒီလောက်ပဲ။ High-end မဟုတ်တဲ့ Projector တွေရဲ့ ထုံးစံအတိုင်း ရုပ်ထွက်ညံ့တာ၊ ဝါးတာ၊ Frame တည့်အောင် ချိန်ရတာ၊ လုံးဝ အမှောင်ကျနေမှ ကြည့်လို့ကောင်းတာ၊ ဘာညာဆိုပြီး သိပ်စိတ်မဝင်စားခဲ့ဘူး ဆိုပါတော့…

တစ်နေ့တော့ အဲ့ဒီ Freestyle လေးက ကျွန်တော့ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတယ်။ မြင်မြင်ချင်း ချစ်မိသွားတယ်လို့ပဲ ပြောရမလား။ အဲ့ကောင်လေး ရောက်ရောက်ချင်းမှာပဲ မျောက် အုန်းသီးရသလို လက်ကမချချင်ဘဲ ကလိဖြစ်တာ ကျွန်တော် စမ်းသုံးခွင့် ရတဲ့ ၇ရက် ၁ပတ်လုံးပါပဲ။ နေ့တိုင်း ဗီဒီယိုတွေ ကြည့်ဖြစ်တယ်။ မန်ချက်စတာ ယူနိုက်တက်က ဘရန့်ဖို့ဒ်ကို ၄ဂိုး – ဂိုးမရှိနဲ့ ရှုံးတုန်းကလည်း ဒီကောင်လေးနဲ့ ကြည့်ဖြစ်ခဲ့တာပဲ :3

ဖုန်းနဲ့ ချိတ်ကြည့်တယ်။ Laptop နဲ့ ချိတ်ကြည့်တယ်။ ဘာနဲ့မှ မချိတ်လည်း Freestyle တစ်ခုတည်းနဲ့ YouTube ကြည့်မလား၊ Netflix ကြည့်မလား၊ Disney+ ကြည့်မလား၊ Amazon Prime က ဗီဒီယိုတွေ ကြည့်မလား ကြိုက်တာ ကြည့်လို့ရတယ်။ ဒါနဲ့မှ အားမရသေးဘူးဆိုရင်လည်း သူ့မှာပါတဲ့ App Store ထဲကနေ Application တွေ၊ Game တွေကိုလည်း Install လုပ်လို့ ရပါသေးတယ်။ ဒါတွေ လုပ်ဖို့ ဘာနဲ့မှ ချိတ်စရာ မလိုဘူးဆိုပေမယ့် အင်တာနက်အတွက် Wi-Fi လေးတော့ ချိတ်ဖို့ လိုအပ်ပါတယ် မိတ်ဆွေ

ဆိုတော့…အစောပိုင်းက ကျွန်တော်ပြောခဲ့သလိုပဲ The Freestyle ကို သဘောကျရတဲ့ အကြောင်းအရင်းတွေ ပြောပြမယ်။ Review ဖြစ်တဲ့အတွက် အားနည်းချက်တွေ၊ သဘောမကျတဲ့ အကြောင်းအရာတွေလည်း ပါတယ်။

ပထမဦးဆုံး သဘောကျမိတာက သူ့ရဲ့ Weight နဲ့ Design ပါ။ သုံးရတာလွယ်ပြီး ကြိုက်တဲ့နေရာ အလွယ်တကူ သယ်သွားလို့ရတဲ့ အလေးချိန်နဲ့ ဘယ်နေရာ ထိုးကြည့်ကြည့် အဆင်ပြေအောင် လုပ်ပေးထားတဲ့ ဒီဇိုင်းတွေက Freestyle ရဲ့ အားသာချက်တွေပါပဲ။

Weight – 0.8 kg
Dimension – 102.4 x 172.8 x 95.2 mm

သုံးရတာ ဘာလို့ လွယ်သလဲဆိုရင် သူ့မှာ ထိုင်ရာကနေ မထဘဲ ကြိုက်တာ လုပ်လို့ရတဲ့ Remote Control ပါတယ်။ ဒါနဲ့မှ အားမရသေးရင် အသံနဲ့လှမ်းခိုင်းလို့ ရတဲ့ Voice Assistant လည်း ပါဦးမယ်။ Remote Control နဲ့ ပတ်သက်ပြီး သဘောမကျတာကတော့ (+ , -) နဲ့ (Up , Down) Buttons တွေပါပဲ။ သုံးရတာ အဆင်ပြေပေမယ့် Quality ညံ့သလို ခံစားရတယ်။

Freestyle ကို ပါဝါကျွေးဖို့အတွက် အိမ်မှာနေရင် ပြဿနာမရှိပေမယ့် အပြင်ယူသွားလို့ ပါဝါ Source အခက်အခဲရှိတဲ့အခါ (အားသွင်းပေါက် ရှာရခက်တဲ့ အခါမျိူးတွေပေါ့ဗျာ) ၊ မီးပျက်တဲ့အခါမျိူးတွေမှာ Power Bank နဲ့လည်း တွဲသုံးလို့ ရတယ်။ ဒါပေမယ့် တစ်ခုရှိတာက တွဲသုံးမယ့် Power Bank ရဲ့ Output က 65W/20V အနည်းဆုံးရှိမှ ရပါမယ်။ Power Bank နဲ့ တွဲသုံးနိုင်အောင် လုပ်ပေးတာထက် Battery တခါတည်းထည့်ပြီး အားသွင်းသုံးနိုင်အောင် လုပ်ပေးနိုင်ရင်တော့ အများကြီး ပိုမိုက်မယ်။

Freestyle Projector ကို လက်မ ၃၀ ကနေ လက်မ ၁၀၀ ထိ ချဲ့ကြည့်လို့ ရတယ်။ Projector ကနေ လှမ်းထိုးမယ့် မျက်နှာပြင်က အဖြူရောင် မဟုတ်လည်း ကိစ္စမရှိဘူး။ သူ့မှာ နံရံတို့၊ မျက်နှာကျက်တို့ရဲ့ အရောင်ပေါ်မူတည်ပြီး ရုပ်ထွက်ကာလာတွေ အကောင်းဆုံးဖြစ်အောင် ချိန်ညှိပေးမယ့် “Smart Calibration” ဆိုတာလည်း ပါတယ်။
ကြည့်တဲ့အခါမှာ သဘောကျမိတာကတော့ ရုပ်ထွက် Quality ပါပဲ။

ရုပ်ထွက် Quality

ကျွန်တော်က ဒီ Projector ကို ရုပ်ထွက်ညံ့မယ် ထင်ထားမိတာ။ ဒါပေမယ့် သေချာမစမ်းရသေးဘဲ အထင်သေးမိတာ ကျွန်တော် မှားသွားတယ်။ Freestyle ကနေ ထုတ်ပေးလိုက်တဲ့ ရုပ်ထွက်တွေက တကယ်မိုက်တယ်လို့ ပြောနိုင်တယ်။ HDR လည်း Support လုပ်တယ်။ ရုပ်ထွက် Quality က Laser Projector တွေလိုမျိူး လုံးဝကို ဂေါ်ပြီး လန်ပြန်ထွက်နေတာမျိူးအထိ မဟုတ်ပေမယ့် “ဘယ်ဆိုးလို့လဲ….မိုက်တယ်ဟ” ဆိုတဲ့ Feeling မျိုးကို ပေးနိုင်တယ် ဆိုပါတော့…

ဒီနေရာမှာ တစ်ခု စကားပလ္လင်ခံချင်တာက CGI (Computer-generated Imagery) များတဲ့ Movie တွေ၊ Animation တွေလို ရုပ်ထွက် Quality ကို အသားပေးတဲ့ ဇာတ်ကားမျိူးတွေကို Visual အရသာခံပြီး ကြည့်မယ်ဆိုရင်တော့ Freestyle နဲ့ မသင့်တော်ပါဘူး။

Display Type – DLP (Display Light Processing)
Resolution – 1920 x 1080 (FHD)
Light Source Type – LED
Light Source Life – 20000hrs
Brightness – 550 LED Lumen (Peak)

Digital Keystone Correction (Auto Keystone) နဲ့ Auto Focus

Auto Keystone ဆိုတာ Projector က ဘယ်နေရာကနေပဲ လှမ်းထိုးထိုး၊ ထိုးလိုက်တဲ့ မျက်နှာပြင်ပေါ်မှာ Rectangular Screen ရအောင်၊ Frame တည့်အောင် Auto ချိန်ပေးတာပါ။ Projector က ခပ်စောင်းစောင်းနေရာ ဒါမှမဟုတ် အောက်ခြေပြင်မညီတဲ့ နေရာကနေ ကြည့်ချင်တဲ့ မျက်နှာပြင်ဆီ လှမ်းထိုးမယ်ဆိုရင်လည်း Frame တည့်အောင် Auto ချိန်ပေးနိုင်တယ်။ တော်တော်မိုက်တယ်။ ဒါပေမယ့် တခုရှိတာက Auto Keystone အလုပ်လုပ်တာ နှေးတယ်။

တခါတလေဆို ကျွန်တော်က နံရံမှာ ထိုးပြီး Movie တွေ ထိုင်ကြည့်တယ်။ ညောင်းလာရင် “အိပ်ရင်း ကြည့်မယ်ကွာ” ဆိုပြီး မျက်နှာကျက်ကို လှမ်းထိုးပြီး ကြည့်တယ်။ အဲ့ဒီလို နေရာ အရွေ့အပြောင်းတွေမှာ Auto Keystone က တခါတလေဆို အလုပ်မလုပ်ဘဲ Frame အစောင်းကြီးတွေနဲ့ပဲ ပြပေးတယ်။ အဲ့မှာ စိတ်မရှည်တော့ Keystone ကို Manual ပြောင်းပြီး Projector ကိုပဲ စိတ်ရှည်လက်ရှည်နဲ့ Center ကျအောင် အတည့်ထားပြီး Movie ကြည့်ခဲ့ရတဲ့ အခေါက်တွေလည်း ကြုံခဲ့ရတယ်။ အဆင်တွေ ပြေမနေခဲ့ဘူး 🙁

အဲ့တော့ နောက် Generation တွေမှာ Auto Keystone ကို အခုထက်ပိုပြီး အဆင်ပြေအောင် လုပ်ပေးနိုင်ပါ့စေလို့ပဲ ဆုတောင်းလိုက်ပါတယ်။

Auto Focus ကလည်း နေရာအရွေ့အပြောင်းတွေမှာ Projector နဲ့ လှမ်းထိုးမယ့် မျက်နှာပြင် အကွာအဝေးတွေ ပြောင်းသွားတဲ့အခါ ရုပ်ထွက်တွေ ကြည်အောင်၊ ရှင်းအောင် Auto ပြန်ပြန်ချိန်ပေးတာပါ။ မဆိုးပါဘူး။

ဆိုးတာက ဘာလဲဆိုတော့ Windows Laptop နဲ့ ချိတ်တဲ့အခါ (Casting လုပ်တဲ့အခါ) မှာ Freestyle ရဲ့ Power က ပြုတ်ကျပြီး ပိတ်ပိတ်သွားတာပါ။ ၂ခါ၊ ၃ခါလောက် ပြန်ပြန်ချိတ်မှ အဆင်ပြေတာမျိူးတွေ ခဏ ခဏ ကြုံခဲ့ရတယ်။ ချိတ်ပြီးသွားလို့ Movie တွေ ကြည့်နေရင်းလည်း တစ်ချက် တစ်ချက် ထစ်ထစ်သွားတာမျိူးတွေ ထပ်ပြီး ကြုံရပြန်တယ်။ ဖုန်းနဲ့ Screen Cast လုပ်တဲ့ အခါတွေမှာတော့ အဲ့ဒီလိုမျိူးဖြစ်တာ မကြုံရပါဘူး။

(စကားမစပ်…အပေါ်ပုံထဲကလိုမျိူးတွေလည်း ကလိလို့ ရတယ်)

Audio (Speaker)

Freestyle ကို သဘောကျမိတဲ့ အထဲမှာ Audio အပိုင်းလည်း ပါတယ်။ သူ့မှာ တပ်ထားတဲ့ 5W Speaker က အကောင်သေးသလောက် အဆိပ်ပြင်းတယ်လို့ပဲ ပြောရမလား။ တော်တော်စွာတယ်။ Dolby Digital Plus လည်းရတယ်။ ကျွန်တော် အိပ်ခန်းထဲမှာ တခါးတွေ ပိတ်၊ မီးတွေ ပိတ်ပြီး Movie ကြည့်တုန်းကဆိုရင် သူ့ရဲ့ အသံထွက်တွေက မသိရင် ရုပ်ရှင်ရုံထဲ ရောက်နေသလိုလို၊ ဘာလိုလို ခံစားရတယ်…အယ်လယ်
တကယ်ပြောတာ…

သူ့မှာပါတဲ့ Speaker နဲ့ အားမရဘူးဆိုရင်တော့ Audio Output အတွက် Bluetooth Support လုပ်ပေးထားတယ်။ တခြား Speaker တွေနဲ့ တွဲသုံးလို့ ရပါတယ်။ ဒီလောက်ပါပဲ။

ပြောဖို့ ကျန်နေတာဆိုလို့ စျေးနှုန်းပဲ ဖြစ်ပါလိမ့်မယ်။ ဟုတ်ကဲ့…Freestyle ရဲ့ စျေးကတော့ ၁၈၇,၃၀၀၀ ကျပ်တိတိ ဖြစ်ပါတယ်။ တပြားမှ မလျော့ပါဘူး :3

ဒီ Freestyle နဲ့ ပတ်သက်ပြီး ကျွန်တော့်အမြင်ကို Conclusion ပြန်ချူပ်ရမယ်ဆိုရင်တော့ သူ့ရဲ့ စျေးက ကိုယ့်အတွက် အရမ်းများတဲ့ ပမာဏ မဟုတ်ဘူးဆိုရင် သွားလေရာ ယူသွားဖို့ ပိုင်ဆိုင်ထားသင့်တဲ့ Portable TV လေးတစ်ခုပါလို့ ပြောချင်ပါတယ်။ ဒီလောက်ပါပဲ။