Samsung က Galaxy Book Go ရဲ့ Chrome OS Version ကို ဖန်တီးနေပါတယ်။ အခုတော့ အဲဒီ Galaxy Chromebook Go ရဲ့ Specs နဲ့ ဓါတ်ပုံတွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အပြင်ဘက်အပိုင်းဟာ အဖြူရောင် ဖြစ်ပြီး Samsung ကတော့ ငွေရောင်လို့ ပြောပါတယ်။ အတွင်းဘက် အပိုင်းက အနက်ရောင် ဖြစ်ပြီး တန်ဖိုးနည်း လက်ပ်‌တော့ ဖြစ်တဲ့အတွက် ပလတ်စတစ်နဲ့ တည်ဆောက်ထားမယ်လို့ ထင်ရပါတယ်။

Galaxy Chromebook Go မှာ ၁၄ လက်မ TFT HD 1366×768 မျက်နှာပြင် ထည့်သွင်းထားပြီး ၁၈၀ ဒီဂရီ ခေါက်ချိုးနိုင်ပါတယ်။ ဒါပေမယ့် ထိတွေ့မျက်နှာပြင်တော့ မဟုတ်ပါဘူး။ ဒီနှစ် အစောပိုင်းက Intel ကြေညာခဲ့တဲ့ Jasper Lake Processor တွေထဲက တစ်ခု ဖြစ်တဲ့ Celeron N4500 ကို သုံးထားပြီး 6W TDP က စွမ်းအင်စားသုံးမှု သက်သာစေသလို ဘက်ထရီ သက်တမ်း ရှည်ကြာစေပါတယ်။

Samsung Galaxy Chromebook Go အတွက် 4GB or 8GB LPDDR4X RAM နဲ့ 32GB , 64GB or 128GB eMMC Storage တွေ ရွေးချယ်နိုင်ပါတယ်။ Storage ထပ်မြှင့်ချင်ရင် microSD Card စိုက်နိုင်ပြီး USB C Port ၂ ခု၊ USB 3.2 Port ၁ ခု နဲ့ Headphone / Microphone Jack တွေ ထည့်သွင်းထားပါတယ်။ LTE Version မှာလည်း Nano SIM Slot ၁ ခု တပ်ဆင်ပေးထားပါတယ်။

WiFi 6 , Bluetooth 5.1 , 720p Webcam နဲ့ စတီရီယို စပီကာတွေ ထည့်သွင်းထားပြီး 45W Type C Charger ပါတဲ့ 42.3Wh ဘက်ထရီ ထောက်ပံ့ထားပါတယ်။ မကြာခင်မှာ Samsung က တရားဝင်ကြေညာတော့မယ်လို့ ထင်ရပြီး ဈေးနှုန်းနဲ့ ရောင်းချမယ့် နေ့တွေကို သိလာရမှာပါ။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၃၅၀ ဒေါ်လာနဲ့ ရောင်းချနိုင်ပြီး မြန်မာငွေ ၅ သိန်း ၇ သောင်းလောက် ကျသင့်မှာပါ။

Ref : gizmochina