OnePlus က ဇူလိုင်လ ၂ ရက်နေ့မှာ TV အသစ်တွေကို ကြေညာတော့မှာ ဖြစ်ပြီး စီအီးအို Pete Lau က အရင်မျိုးဆက်တွေထက် ဈေးပိုချိုသလို စမတ်ပိုကျမယ်လို့ သတင်းပေးလိုက်ပါတယ်။ OnePlus ဖိုရမ်မှ ပို့စ်အရ Lau က အဲဒီ TV အသစ်မှာ 93% DCI-P3 Coverage ပါလာမှာ ဖြစ်ပြီး လက်ရှိ OnePlus QLED 55” 4K TV တွေလို Dolby Vision ထည့်ထားမယ်လို့ ရေးသားထားပါတယ်။

Pete Lau က DCI-P3 ရဲ့ အရေးကြီးပုံကို ရှင်းပြခဲ့ပါတယ်။ သူက “ HDR Video ခေတ်မှာ DCI-P3 စံနှုန်းဟာ Content Creators တွေရဲ့ ရွေးချယ်စရာ ဖြစ်လာပါတယ်။ 100% ရဖို့က အရမ်းခက်ပြီး OnePlus ဟာ 93% Color Gamut Coverage အထိ ရအောင် စွမ်းဆောင်နိုင်ပါတယ်။ “ လို့ ပြောပါတယ်။

OnePlus က Gamma Engine လို့ခေါ်တဲ့ ရုပ်ထွက် အရည်အသွေး မြင့်မားစေတဲ့ နည်းပညာတွေကို ဖန်တီးနေပါတယ်။ Super Resolution , Dynamic Contrast , MEMC တို့လို Processing တိုးတက်မှုတွေ ပါပါတယ်။ အဲဒီ နည်းပညာတွေနဲ့ဆိုရင် ရုပ်ထွက်တွေက ပိုကြည်လင်ပြတ်သားပြီး အရည်အသွေးနိမ့် Video တွေတောင် ရုပ်ထွက်က ပိုကောင်းလာပါတယ်။

OnePlus က Dolby Labs နဲ့ ပူးပေါင်းပြီး ကုမ္ပဏီရဲ့ TV တွေမှာ Dolby Vision Certification ရအောင် ပြုလုပ်နေပါတယ်။ Lau က TV အသစ်မှာ တခြား လုပ်ဆောင်ချက်တွေလည်း ထည့်သွင်းထားမယ်ဆိုပြီး ပို့စ်မှာ အဆုံးသတ်ထားပါတယ်။ နောက်လ ၂ ရက်နေ့မှာ OnePlus ရဲ့ TV အသစ်ကို မျက်ဝါးထင်ထင် မြင်ရတော့မှာပါ။

Ref : gsmarena