WWDC 2021 မှာ Apple က User တွေ အင်တာနက် အသုံးပြုချိန်မှာ သူတို့ရဲ့ ဒေတာတွေကို ကာကွယ်ရာမှာ ပိုမို ကောင်းမွန်တဲ့ Privacy Relay လုပ်ဆောင်ချက် အသစ်ကို ကြေညာခဲ့ပါတယ်။ ဒါပေမယ့် Privacy Relay လုပ်ဆောင်ချက်ကို တရုတ်မှာ အသုံးပြုလို့ရမှာ မဟုတ်ပါဘူး။ တရုတ်ဟာ Apple ရဲ့ ဈေးကွက်ကြီးတွေထဲက တစ်ခု ဖြစ်ပေမယ့် တရုတ်ရဲ့ ဥပဒေတွေကြောင့် ဒီလုပ်ဆောင်ချက်ကို Apple က ထည့်သွင်းပေးလို့ မရပါဘူး။

Privacy Relay လုပ်ဆောင်ချက်ကို ရှင်းပြချင်ပါတယ်။ ဒီလုပ်ဆောင်ချက်က User တစ်ယောက် Safari ကနေ အင်တာနက် ကြည့်နေချိန်မှာ သူ့ရဲ့ ဒေတာတွေကို အထူး ဆာဗာ ၂ ခုကနေ ပေးပို့ပေးပါတယ်။ အဲဒီအတွက် User ရဲ့ Identity ကို ဖွက်ထားပေးသလို သူကြည့်တဲ့ ဝက်ဘ်ဆိုက်တွေကိုလည်း မသိနိုင်ပါဘူး။ တခြား Online Activity တွေကိုလည်း ဖျောက်ထားပေးပါတယ်။ Apple ကုမ္ပဏီနဲ့ Internet Service Provider တွေကတောင် အဲဒီ သတင်းအချက်အလက်တွေကို မသိနိုင်ပါဘူး။

ဒီလုပ်ဆောင်ချက်ဟာ VPN (Virtual Private Network) နဲ့ အများကြီး တူညီပါတယ်။ တရုတ် အစိုးရက ဝက်ဘ်ဆိုက်များစွာကို Great Firewall နဲ့ ပိတ်ပင်ထားတဲ့အတွက် တရုတ် ပြည်သူတွေဟာ VPN တွေကိုသုံးပြီး ပိတ်ထားတဲ့ ဝက်ဘ်ဆိုက်တွေကို ကြည့်နေကြရပါတယ်။ Apple က တရုတ်ရဲ့ ဥပဒေအတိုင်း Privacy Relay လုပ်ဆောင်ချက်ကို အဲဒီမှာ ထည့်သွင်းပေးမှာ မဟုတ်ပါဘူးလို့ အတိအလင်း ကြေညာလိုက်ပါတယ်။ ဒါတင်မကသေးပါဘူး။ Saudi Arabia, Egypt, Belarus နဲ့ Uganda အပါအဝင် တချို့နိုင်ငံတွေမှာလည်း အသုံးပြုလို့ မရပါဘူး။

Apple က နိုင်ငံတွေရဲ့ ဥပဒေအတိုင်း ဒီလုပ်ဆောင်ချက်ကို မထည့်သွင်းပေးတာပါလို့ ပြောပါတယ်။ လက်ရှိ တရုတ် ဥပဒေအရ ပိတ်ပင်ထားတဲ့ ဝက်ဘ်ဆိုက်တွေကို VPN နဲ့ ကြည့်တာဟာ တရားမဝင်ပါဘူး။ Privacy Relay လုပ်ဆောင်ချက်ကလည်း ဥပဒေနဲ့ ငြိစွန်းနေတဲ့အတွက် Apple နဲ့ တရုတ် အစိုးရ ပြဿနာတက်သွားနိုင်ပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက Apple ဟာ တရုတ် ဥပဒေအတိုင်း App Store မှာ VPN App တွေကို ဖယ်ရှားပေးခဲ့ရပါတယ်။

Ref : gizmochina