Google ဟာ ဟာ့ဒ်ဝဲလုပ်ငန်းကို ရေရှည်လုပ်ကိုင်မှာ ဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ “Made by Google “ ထုတ်ကုန် အားလုံးမှာ စွန့်ပစ်ပစ္စည်းတချို့ ထည့်သွင်း ဖန်တီးမယ်လို့ အရင်နှစ်က ပြောကြားခဲ့ပါတယ်။ အခုတော့ Google က ဒီစီမံကိန်းကို စတင် အကောင်အထည် ဖော်နေပြီ ဖြစ်ပါတယ်။

Pixel 4a ရဲ့ ချည်သား Case ကို   စွန့်ပစ် ပစ္စည်း ၇၀ ရာခိုင်နှုန်းနဲ့ ပြုလုပ်ထားပြီး စွန့်ပစ် ပလတ်စတစ် ဘူးတွေကနေ များသောအားဖြင့် ဖန်တီးထားတာ ဖြစ်ပါတယ်။ ရေဘူး ၂ ဘူးကနေ Case ၅ ခုအတွက် ချည်သားတွေ ထုတ်လုပ်နိုင်ပါတယ်။ Nest Mini Smart စပီကာ အသစ်မှာ ပါတဲ့ ချည်သားနဲ့ တူပါတယ်။

အဲဒီ Case တွေဟာ အကြမ်းခံပြီး Pattern တွေ ပါတဲ့အတွက် ဒီဇိုင်း လန်းပါတယ်။  အညစ်အကြေးတွေကို သန့်ရှင်းနိုင်တဲ့အတွက် နောက်ထပ် Case ၁ ခု ထပ်ဝယ်ဖို့ မလိုတော့ပါဘူး။ ဒါပေမယ့် ဖုန်နဲ့ အညစ်အကြေးတွေ ကပ်ညိနိုင်တဲ့ အခွင့်အလမ်းများပါတယ်။ ချည်သား Case ကို ကိုယ်တိုင်လျှော်ဖွတ်နိုင်သလို အဝတ်လျှော်စက်ထဲထည့်ပြီး သန့်ရှင်း နိုင်တာက မိုက်ပါတယ်။ Google က စက်နဲ့လျှော်တာ၊ အညစ်အကြေး သန့်စင်တာတွေအတွက် Tips တချို့ ပေးထားပါသေးတယ်။

Pixel 4a ရဲ့ ချည်သား Case ကို Blue Confetti, Static Gray နဲ့ Basically Black ၃ ရောင်ထုတ်လုပ်ထားပြီး ပါဝါခလုတ်နဲ့ အနောက်ဘက်က Logo ရဲ့ အရောင်ကို ထင်သာမြင်သာရှိအောင် ပြုလုပ်ပေးထားပါတယ်။ ၄၀ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၅ သောင်းခွဲလောက် ကျသင့်တဲ့အတွက် ဈေး မသေးပါဘူး။ နောက်ထပ် အရောင် ၁ မျိုးလည်း နောက်ပိုင်းမှာ ရောင်းချနိုင်ပါတယ်။

Ref : gsmarena