ပြီးခဲ့တဲ့နှစ်တုန်းက Sony PlayStation 5 ဟာ ထွက်ရှိတဲ့အချိန်ထဲက ရောင်းအားအလွန်ကောင်းနေပြီး ဆက်တိုက်ကို ပစ္စည်းပြတ်တဲ့ ပြဿနာကို ကြုံတွေ့နေတာဖြစ်ပါတယ်။ ဒီလိုမျိုး ရောင်းအားအလွန်ကောင်းနေတာကြောင့် အခုအချိန်မှာတော့ PS5 ဟာ Nintendo Switch ကို ကျော်တက်ပြီး US မှာ ရောင်းအားအကောင်းဆုံး Console ဂိမ်းစက်ဖြစ်လာခဲ့ပါပြီ။

အဆိုပါသတင်းကိုတော့ Retail Analytics Firm တစ်ခုဖြစ်တဲ့ NPD Group ကနေ ပြောကြားခဲ့တာဖြစ်ပြီး Sony PlayStation 5 က မကျော်တက်ခင်အထိ Nintendo Switch ဟာ ၃၃ လဆက်တိုက် ရောင်းအားအကောင်းဆုံးဖြစ်နေခဲ့တာဖြစ်ပါတယ်။ Sony PlayStation 5 နဲ့ Microsoft Xbox Series X တွေမိတ်ဆက်တဲ့အချိန်တုန်းကတောင်မှ Nintendo Switch က ပိုပြီးရောင်းအားကောင်းနေခဲ့တယ်လို့ သိရပါတယ်။

NPD Group ရဲ့ ပြောကြားချက်အရတော့ အစောပိုင်းတုန်းက Sony PS5 ဟာ စျေးနှုန်းအရတော့ Nintendo Switch ထက်ပိုပြီး ရောင်းချနိုင်ခဲ့ပေမယ့် အလုံးရေပမာဏမှာတော့ Nintendo Switch ထက် နည်းပါးနေခဲ့တာဖြစ်ပါတယ်။ အခုပြီးခဲ့တဲ့ စက်တင်ဘာလမှာမှ PS5 ဟာ Nintendo Switch ကို စျေးနှုန်းရော၊ အရေအတွက်အရပါ ကျော်တက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း NPD Group ဟာ US နိုင်ငံအတွင်းရောင်းချရမှုကိုပဲ တွက်ချက်တာကြောင့် Europe နဲ့ Asia လိုမျိုး စျေးကွက်တွေပါဝင်ခြင်းမရှိသေးပါဘူး။ အဲ့ဒါကြောင့် တကမ္ဘာလုံးရောင်းအားအနေနဲ့ ပြန်ကြည့်မယ်ဆိုရင် ကွာခြားနိုင်ပါသေးတယ်။

Sony ဟာ လက်ရှိအချိန်မှာ PS5 ကို အလုံးရေ ၁၀ သန်းကျော်ရောင်းချထားပြီးပြီဖြစ်ပေမယ့် Nintendo Switch ကတော့ စတင်မိတ်ဆက်တဲ့ ၂၀၁၇ ခုနှစ်ထဲက အခုအချိန်အထိ အလုံးရေ ၈၉ သန်းကျော် ရောင်းချထားပြီးဖြစ်ပါတယ်။ အခုလည်း Nintendo Switch ကို OLED Display နဲ့ မိတ်ဆက်ထားတာကြောင့် ယခင်ထက်ပိုပြီး ရောင်းအားကောင်းလာနိုင်ပါသေးတယ်။

Ref – The Verge