Xiaomi က Haylou Solar စမတ်နာရီကို မေလ ၁၈ ရက်နေ့မှာ ရောင်းပေးမှာ ဖြစ်ပြီး Heylou ကို Hello လို့ အသံထွက်ပါတယ်။ နာမည်မှာ Solar ပါပေမယ့် တကယ့် Solar Cell မပါတဲ့အတွက် နေရောင်ခြည်ကနေ အားသွင်းလို့ မရပါဘူး။ စမတ်နာရီမှာ 340mAh ဘက်ထရီ ပါပြီး ရက်ပေါင်း ၃၀ အသုံးခံတာက တော်တော်မိုက်ပါတယ်။ ၂၄ နာရီ နှလုံးခုန်နှုန်းတိုင်းတာမယ်ဆိုရင် ၁၅ ရက်လောက် အသုံးခံပါတယ်။

၁၅၀ ယွမ်ပဲရှိပြီး မြန်မာငွေနဲ့တွက်ရင် ၃ သောင်းလောက်ပဲရှိတဲ့အတွက် အရမ်း ဈေးချိုပါတယ်။ နာရီမှာ ၁.၂၈ လက်မ LCD 240x240p LCD မျက်နှာပြင်ဝိုင်း တပ်ဆင်ထားပြီး ကိုယ်ထည်ဟာ ၄၅.၃ မီလီမီတာရှိပါတယ်။ ဆီလီကွန် လက်ပတ်ကြိုးက ၂၂ မီလီမီတာရှိပြီး ကိုယ်ထည်ကို သတ္တုနဲ့ တည်ဆောက်ထားပါတယ်။

IP68 ရေစိုခံနှုန်းရှိပြီး ရေချိုးရင်၊ ရေကူးကန်ထဲမှာ ရေကူးရင် ဝတ်ဆင်ထားနိုင်ပါတယ်။ နှလုံးခုန်နှုန်းနဲ့ လေ့ကျင့်ခန်းတွေကို တိုင်းတာတွက်ချက်ပေးနိုင်ပါတယ်။ အိပ်စက်မှု အခြေအနေကို တိုင်းတာပေးနိုင်ပြီး အသက်ရှူလေ့ကျင့်ခန်းတွေကို သင်ကြားပေးနိုင်ပါတယ်။ Bluetooth 5.0 ကနေ Android , iOS ဖုန်းတွေနဲ့ ချိတ်ဆက်နိုင်ပြီး ဖုန်းက Notifications ၊ ရာသီဥတုနဲ့ တခြား သတင်းအချက်အလက်တွေကို နာရီမှာ ပြသပေးနိုင်ပါတယ်။ နာရီကနေ ဖုန်းက သီချင်းတွေကို ထိန်းချုပ်နိုင်ပြီး Haylou Fit App ကနေ နာရီနဲ့ ဖုန်းကို Sync လုပ်နိုင်ပါတယ်။

Haylou ဟာ Xiaomi ရဲ့ Ecosystem မှာ ပါလာတဲ့ ပထမဆုံး ကုမ္ပဏီတွေထဲက ၁ ခု ဖြစ်ပြီး အဲဒီကုမ္ပဏီဟာ ပြီးခဲ့တဲ့နှစ်မှာ ပထမဆုံး စမတ်နာရီကို မထုတ်လုပ်ခင် Audio Accessory ‌တွေကို အဓိက ထုတ်လုပ်နေတာ ဖြစ်ပါတယ်။

Ref : gsmarena