ပြီးခဲ့တဲ့အပတ်တုန်းက United States secretary of state Mike Pompeo က အမေရိကန်မှာ TikTok ကို Ban ဖို့ ပြောခဲ့ပါတယ်။ ပျော်ရွင်မြူးထူးဖွယ် ဗီဒီယိုအတိုလေးတွေ ဖန်တီးနိုင်တဲ့ TikTok ဟာ အမေရိကန်က သုံးစွဲသူတွေကြားမှာလည်း ရေပန်းစားနေတာ ဖြစ်ပါတယ်။

TikTok ကို ByteDance က ပိုင်ဆိုင်ပါတယ်။ တရုတ်ကုမ္ပဏီဖြစ်တဲ့အတွက် အမေရိကန်အစိုးရက ဒီ App သုံးစွဲခြင်းနဲ့ပတ်သက်ပြီး လုံခြုံရေးပိုင်းဆိုင်ရာကို စိုးရိမ်ပူပန်တယ်လို့လည်း ဆိုပါတယ်။ ဒါဟာ တရုတ်−အမေရိကန် ကုန်သွယ်ရေးစစ်ရဲ့ ရိုက်ခတ်မှုကြောင့်ဆိုပြီးတော့ တစ်ထစ်ချစွပ်စွဲလို့မရပေမယ့် လုံးဝမဟုတ်ဘူးလို့လည်း ငြင်းလို့မရပါဘူး။

တစ်ဖက်ကပြန်ကြည့်ရင်တော့ TikTok ကို တရုတ်ကုမ္ပဏီကပိုင်တယ်ဆိုပေမယ့် နိုင်ငံတွင်းမှာလည်ပတ်တာမဟုတ်ဘဲ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ကိုယ်ပိုင်ဆာဗာတွေကို အသုံးပြုတာ ဖြစ်ပါတယ်။ ဒါကြောင့် တရုတ်အစိုးရရဲ့ အမိန့်ကိုနာခံတာ၊ အတင်းအကျပ်စေခိုင်းခြင်းကို ခံရတာမျိုး မရှိဘူးလို့ ယူဆနိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ ယူဆချက်သာဖြစ်ပြီး အခြားသက်သေပြချက်တွေ မရှိပါဘူး။

TikTok ဘက်ကလည်း အမေရိကန်ဆန်လာအောင် ပိုပြီးကြိုးစားနေတယ်ဆိုပေမယ့် အချိန်တစ်ခုတော့ ယူရဦးမှာ ဖြစ်ပါတယ်။ Disney + Stream ဝန်ဆောင်မှုဌာနရဲ့ အကြီးအကဲ Kevin Mayer က TikTok ရဲ့ CEO ဖြစ်လာတဲ့နောက် ကုမ္ပဏီရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို ပြောင်းလဲဖို့ ကြိုးစားနေကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ဖူးပါတယ်။

TikTok ရဲ့ အကြီးဆုံးရုံး ၅ ခုဟာ Los Angeles, New York, London, Dublin, နဲ့ Mumbai တို့မှာရှိနေတာဖြစ်ပေမယ့် အဓိကရုံးချုပ်ကို ဘယ်နေရာမှာထားမလဲဆိုတာတော့ အခုထိ မဆုံးဖြတ်ရသေးတာပါ။ TikTok အနေနဲ့ တရုတ်နဲ့ ဆက်စပ်မှုမရှိကြောင်းကို သက်သေပြနိုင်ခဲ့ရင်တော့ အမေရိကန်ဈေးကွက်ကို ဆက်လက် ဆုပ်ကိုင်ထားနိုင်မှာဖြစ်သလို လတ်တလောမှာ ပိတ်ပင်ခံလိုက်ရတဲ့ အိန္ဒိယဈေးကွက်ကိုလည်း ပြန်လည်ရယူနိုင်မှာဖြစ်ပါတယ်။

Ref: PhoneArena