တေးဂီတ၊ ဖက်ရှင်နဲ့ လူငယ်တွေရဲ့ မြူးကြွဆန်းသစ်တဲ့ စိတ်ကူးတွေကိုအခြေခံပြီး အောင်မြင်မှုကိုရယူထားတဲ့ ဖျော်ဖြေရေးပလက်ဖောင်းဖြစ်တဲ့ TikTok ဟာ Data Privacy ပိုင်းမှာတော့ မေးခွန်းထုတ်ခံရလေ့ရှိသလို၊ ဒေသအချို့မှာလည်း ရုန်းကန်နေရတာ ဖြစ်ပါတယ်။

အိန္ဒိယ၊ ပါကစ္စတန်တို့လို နိုင်ငံတွေကတော့ TikTok ကို ယဉ်ကျေးမှုထုံးတမ်းအရ ခွင့်ပြုဖို့မသင့်ဘူးလို့ဆိုပြီး နိုင်ငံတွင်းသုံးစွဲခွင့်ကို ပိတ်ပင်ကြပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ရက်သတ္တပတ်ကလည်း ဗြိတိန်က အသက် ၁၂ နှစ်အရွယ် မိန်းကလေးက ပုဂ္ဂလိကအချက်အလက်တွေကို အသုံးချမှုနဲ့ TikTok ကို တရားစွဲလိုက်တဲ့ဖြစ်ရပ် ပေါ်ပေါက်ခဲ့ပါသေးတယ်။

တရုတ်အခြေစိုက် ကုမ္ပဏီကတော့ ပြုပြင်ပြောင်းလဲမှုတွေကိုပြုလုပ်နေပုံရပြီး၊ အခုလည်း အသက် ၁၈ နှစ်အောက် အသုံးပြုသူတွေအတွက် Privacy Setting အသစ်တွေကို ယူဆောင်လာတာ တွေ့ရပါတယ်။ ပြောင်းလဲမှုအသစ်မှာ အကောင့်တွေအားလုံးဟာ Public အစား Private ကို ပြောင်းလဲလို့ရသွားမှာ ဖြစ်ပါတယ်။

အသက် ၁၃ နှစ်ကနေ ၁၅ နှစ်ကြား အသုံးပြုသူတွေရဲ့ ဗီဒီယိုတွေကို Downloaded ပြုလုပ်ခွင့်ပိတ်ပင်လိုက်ပြီး၊ Duet ဒါမှမဟုတ် Stitch features တွေအတွက်လည်း အသုံးပြုခွင့် ပိတ်ပင်လိုက်ပြီ ဖြစ်ပါတယ်။ အသက် ၁၆ နှစ်ကနေ ၁၇ နှစ်ကြား အသုံးပြုသူတွေကတော့ Duet နဲ့ Stitch feature တွေကို ရရှိမှာဖြစ်ပါတယ်။ ဒီအတွက် Default feature က Friend အဖြစ် ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ ပြန်ပြောင်းချင်ရင်တော့ Setting Menu ကတစ်ဆင့် ပြန်ပြောင်းလို့ရပါတယ်။

ဒီပြောင်းလဲမှုကြီးဟာ ငယ်ရွယ်လွန်းတဲ့ အသုံးပြုသူတွေရဲ့ ရှိပြီးသားအကောင့်တွေနဲ့၊ အသစ်ဖွင့်လာမယ့် အကောင့်တွေအပေါ် သက်ရောက်မှာလည်း ဖြစ်ပါတယ်။ “အသုံးပြုသူတွေရဲ့ သီးသန့်တည်ရှိမှုနဲ့ လုံခြုံမှုအတွက် မြင့်မားတဲ့အဆင့်မြင့်စံနှုန်းတွေနဲ့ မောင်းနှင်ဖို့ရည်ရွယ်ထားကြောင်း” နဲ့ ဒီအပြောင်းအလဲအတွက် အသိပေးမှုကို ရရှိမယ်လို့ ကုမ္ပဏီကထုတ်ဖော်ပြောဆိုလာပါတယ်။

TikTok ရဲ့ ဒီအပြောင်းအလဲနဲ့ Setting အသစ်တွေဟာ ပြဿနာတွေအားလုံးကို ဖြေရှင်းနိုင်မှာမဟုတ်ပေမယ့်၊ ရေရှည်ရပ်တည်မှုအတွက် ခြေကုပ်ယူနေတဲ့အစိတ်အပိုင်းတစ်ခုတော့ ဖြစ်လာဖွယ်ရှိပါတယ်။ ဒါ့အပြင် သူတို့ဟာ အသုံးပြုသူတွေကိုအခြေခံပြီး တစ်ခုခုကြိုးစားပြုလုပ်ပေးနေတယ်ဆိုတာကိုလည်း ပြသနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ Update သစ်ကြောင့် ကလေးအနည်းငယ်ကပဲ သူတို့မသိတဲ့လူတွေနဲ့ အပြန်အလှန်ဆက်သွယ်မှုတွေ ပြုလုပ်နိုင်ကြမယ်လို့ ခန့်မှန်းရပါတယ်။

Ref: GSM Arena