TikTok ကို အမေရိကန်မှာ ဆက်လက်ရှင်သန်ခွင့်ရစေဖို့ ByteDance ဟာ လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ နည်းလမ်းကောင်းတွေ့သွားတဲ့ တရုတ်အခြေစိုက်ကုမ္ပဏီအနေနဲ့ အပြီးသတ်ရောင်းချလိုက်တာမဟုတ်ဘဲ ဒေသတွင်း ကုမ္ပဏီတွေနဲ့ ပူးပေါင်းမှုတော့ ပြုလုပ်လိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့အထိ ByteDance ရဲ့ အဆိုပြုလွှာဟာ အဆုံးသတ်သွားပြီလို့ထင်ခဲ့ရပေမယ့် အံ့အားသင့်စရာကောင်းအောင် ရှင်သန်ကျန်ရစ်ခဲ့ပါတယ်။ လက်ရှိပိုင်ရှင် ByteDance နဲ့အတူ အမေရိကန်ကုမ္ပဏီနှစ်ခုဖြစ်တဲ့ Oracle (ရှယ်ယာ ၁၂.၅%) နဲ့ Walmart (ရှယ်ယာ ၇.၅%) ပူးပေါင်းပိုင်ဆိုင်မှုနဲ့အတူ ကုမ္ပဏီသစ် TikTok Global ကိုတည်ထောင်ဖို့အတွက် သဘောတူညီမှုကို ထရမ့်က အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်။

သဘောတူညီမှုအသစ်အရ ByteDance ဟာ ကုမ္ပဏီရှယ်ယာရဲ့ ၈၀% ကို ပိုင်ဆိုင်ထားမှာဖြစ်ပြီး အမေရိကန်ကုမ္ပဏီတွေကတော့ ၂၀% ကို ခွဲဝေပိုင်ဆိုင်လာမှာဖြစ်ပါတယ်။ ကုမ္ပဏီသစ်ရဲ့ ဘုတ်အဖွဲ့ဝင် ၅ ဦးမှာ ၄ ဦးက အမေရိကန်တွေ ဖြစ်လာပါလိမ့်မယ်။ Walmart ကတော့ ကြော်ငြာ၊ ငွေပေးချေမှုနဲ့ Fulfillment ပိုင်းဆိုင်ရာတွေကို ကိုင်တွယ်မှာဖြစ်ပြီး Oracle ကတော့ Secure cloud service တွေကို ထောက်ပံ့ပေးမှာဖြစ်ပါတယ်။

Walmart ရဲ့ ထုတ်ပြန်ချက်အရ TikTok Global ဟာ အနည်းဆုံး ၁၂ လမပြည့်ခင်မှာပဲ IPO (initial public offering) နဲ့အတူ သုံးစွဲသူကြားမှာ ရောက်လာလိမ့်မယ်လို့ သိရပါတယ်။ ဒါကြောင့် ကုမ္ပဏီသစ်ကို အမေရိကန်စတော့အိတ်ချိန်းမှာ မြင်တွေ့လာရဖွယ်ရှိပါတယ်။ ဒါ့အပြင် ကုမ္ပဏီဟာ အမေရိကန်ပြည်ထောင်စုမှာအခြေစိုက်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း နှစ်သောင်းခွဲလောက်ကို ဖန်တီးပေးမှာလည်း ဖြစ်ပါတယ်။

ByteDance ကတော့ သူတို့ရဲ့နည်းပညာနဲ့ Algorithm ကို Oracle ဆီလွှဲပြောင်းပေးမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် နောက်ကွယ်မှာ ဘာမှမရှိကြောင်းကို စစ်ဆေးနိုင်ဖို့အတွက် Oracle ကို Source code တွေစစ်ဆေးခွင့်ပြုရမှာ ဖြစ်ပါတယ်။ လက်ရှိသဘောတူညီမှုနောက်ပိုင်း ဆက်လက်လုပ်ကိုင်ကြမယ့် အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးတာကြောင့် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref: GSM Arena