Samsung က Galaxy Watch3 ရဲ့ တန်ဖိုးပိုကြီးပြီး ပိုလန်းတဲ့ မော်ဒယ် အသစ် ၁ မျိုးကို ဂျာမနီမှာ ကြေညာလိုက်ပါတယ်။ မူလ မော်ဒယ်ရဲ့ Stainless Steel ကိုယ်ထည် အစား တိုက်တေနီယမ် ကိုယ်ထည် အသုံးပြုထားပါတယ်။ Samsung ဂျာမနီက ၁၈ ရက်နေ့မှာ  မော်ဒယ် အသစ်ကို အွန်လိုင်းကနေ ရောင်းချမယ်လို့ ပြောပါတယ်။

Samsung Galaxy Watch3 Titan အတွက် ၄၅ မီလီမီတာ အရွယ်အစားပဲ ထုတ်လုပ်ပေးထားပြီး ၄၁ မီလီမီတာ မပါလာပါဘူး။ Mystick Black ၁ ရောင်ပဲ ရွေးချယ်နိုင်ပါတယ်။ ကိုယ်ထည်ကိုပဲ တိုက်တေနီယမ်နဲ့ တည်ဆောက်ထားတာ ဖြစ်ပြီး လက်ပတ်ကို Stainless Steel နဲ့ ဖန်တီးထားတာပါ။

Samsung Galaxy Watch3 Titan ကို လက်ရှိမှာ ဂျာမနီမှာပဲ ရောင်းပေးထားပြီး တခြား နိုင်ငံတွေမှာ ရောင်းချမယ့် သတင်းတွေကို မသိရသေးပါဘူး။ တခြား ဥရောပ နိုင်ငံတွေမှာလည်း ဝယ်ယူနိုင်မယ်လို့ ထင်ရပါတယ်။

ဒီဇိုင်းပိုလန်းလာသလို ဈေးကလည်း ပိုမြောက်သွားပါတယ်။ ၄၅ မီလီမီတာအတွက် မူလမော်ဒယ်ဟာ ၄၄၇ ယူရိုပဲရှိပြီး တိုက်တေနီယမ် မော်ဒယ်က ၆၃၃ ယူရို ဖြစ်သွားပါတယ်။ ၇ သိန်းကနေ ၁၀ သိန်းလောက်တက်သွားတာပါ။ မော်ဒယ်အသစ်အတွက် WiFi Only မော်ဒယ်ပဲရှိပြီး LTE မော်ဒယ် မထွက်လာပါဘူး။

Ref : gsmarena